Wednesday, May 1, 2019

ရန်ကုန် မီးပွိုင့်နှင့် ဗဟိုထိန်းချုပ်ရေးစင်တာ စီမံကိန်း ၃ နှစ်ကြာသည်အထိမပြီးစီးသေး


ရန်ကုန်မြို့မှာ မီးပွိုင့်တွေတပ်ဆင်တာနဲ့ ဗဟိုထိန်းချုပ်ရေးစင်တာ စီမံကိန်းဟာ ပြီးစီးရမယ့် သတ်မှတ်ကာလထက်ကျော်လွန်နေတာ အချိန် ၃ နှစ်နီးပါး ရှိပြီဖြစ်ပေမယ့် ခုအချိန်အထိ မပြီးစီးသေးဘူးလို့ ရန်ကုန်တိုင်းလွှတ်တော်ကော်မတီ တာဝန်ရှိသူတယောက်က ပြောပါတယ်။ 
ရန်ကုန်မြို့က မီးပွိုင့်တွေနဲ့ ဗဟိုထိန်းချုပ်ရေးစင်တာ တည်ဆောက်ဖို့ တရုတ်ကုမ္ပဏီတခုနဲ့ မြန်မာကုမ္ပဏီတို့က အရင် သမ္မတ ဦးသိန်းစိန်လက်ထက်ကတည်းက ငွေကျပ်သိန်းပေါင်း ၂ သိန်းနဲ့ တင်ဒါအောင်မြင် လုပ်ကိုင်ခွင့်ရခဲ့တာပါ။ 

ဒီစီမံကိန်းကို ၆ လနဲ့ ပြီးအောင် လုပ်ရမှာဖြစ်ပြီး ၂၀၁၆ ခုနှစ် သြဂုတ်လ ၂ ရက်နေ့မှာ ပြီးစီးရမှာ ဖြစ်ပါတယ်။ လုပ်ငန်းစာချုပ်မှာတော့ သတ်မှတ်ရက်မှာမပြီးရင် ကုမ္ပဏီအနေနဲ့ တရက်ကိုဒဏ်ကြေး ကျပ် ၁ သိန်းစီ ပေးဆောင်ရမယ်လို့ သတ်မှတ် ထားပေမယ့် ၈ လလောက်ပဲ ဒဏ်ကြေး ပေးသွင်းခဲ့တယ်လို့ ရန်ကုန်တိုင်း စာရင်းစစ်ချုပ်က အစီရင်ခံပါတယ်။ 

လက်ရှိမှာတော့ မီးပွိုင့်တွေပြီးနေပြီ ဖြစ်ပေမယ့် ဗဟိုထိန်းချုပ်ရေးစင်တာကတော့ မပြီးသေးဘူးလို့ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်ထဲမှာရှိတဲ့ အဲဒီစင်တာကို မနေ့က သွားေ ရာက်ကြည့်ရှုခဲ့တဲ့ ရန်ကုန်တိုင်း လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေး ကော်မတီအတွင်းရေးမှူး ဦးကျော်ဇေယျကပြောပါတယ်။ 

“အခုထိ ရာနှုန်းပြည့်မပြီးသေးဘူးဗျ။ စာရင်းစစ်ချုပ် အစီရင်ခံစာအရလည်း ဒဏ်ကြေးက ရက်ပေါင်း ၂၄၀ ပဲ သွင်းခဲ့တာလေ။ အခု မသွင်းတော့ဘူး။ ကျနော်တို့က အခြေအနေကို သွားကြည့်တာပါ။ သူတို့က မေလအကုန် နောက်ဆုံးထားပြီး ဘာတွေလုပ်ဖို့လိုတယ်ဆိုတာကို တင်ပြမယ်ဆိုတဲ့ အဖြေကိုရတယ်” လို့ ပြောပါတယ်။ 

စီမံကိန်းမပြီးခဲ့အတွက် ဒီအပေါ်မှာ Third Party ထားပြီးတော့ မပြီးနိုင်တဲ့အကြောင်းကို စစ်ဆေးတင်ပြလုပ်ကိုင်ဖို့ လွှတ်တော်က အကြံပြုခဲ့ပေမယ့် အဲဒီအတိုင်းမလုပ်ဘဲ မူလ ကုမ္ပဏီတွေကပဲ ဆက်လုပ်နေတယ်လို့လည်း ဦးကျော်ဇေယျက ပြောပါတယ်။ 

ဒီစီမံကိန်းကို မြန်မာရွှေရင်း ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ CRCC ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတာပါ။ 

ဓာတ်ပုံ-ရန်ကုန်တိုင်းလွှတ်တော်
DVB

0 comments:

Post a Comment