Tuesday, June 25, 2019

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေသည် ကလေးသူငယ်များ၏ အခွင့်အရေးရရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံသားဖြစ်မှု၊ မဖြစ်မှု ဥပဒေဖြင့်သာဆောင်ရွက်မည်


ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေသည် ကလေးသူငယ်များ၏ အခွင့်အရေးရရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံသားဖြစ်မှုမဖြစ်မှုကိုတော့ ၁၉၈၂ ခုနှစ် ဥပဒေဖြင့်သာချိန်ထိုးဆောင်ရွက်မည်ဖြစ်ကြောင်း အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။ 
“ကလေးသူငယ်အခွင့်အရေး ဥပဒေကို ဆောင်ရွက်ခြင်းသည် ကလေးသူငယ်များအခွင့်အရေးကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ ကိုယ့်ဒေသမှာရှိတဲ့ ကလေးများရဲ့ အခွင့်အရေးကို အပြည့်အဒ၀ ရရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ နိုင်ငံသားဖြစ်မှု မဖြစ်မှုဆိုတာလည်း နိုင်ငံသားဥပဒေနဲ့ ချိန်ထိုးပြီးဆောင်ရွက်သွားဖြစ်ပါတယ်”ဟု ဦးသိန်းဆွေကပြောသည်။ 

ယနေ့ နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးအတွက် အသုံးပြုမည့် မေးခွန်းပုံစံများထည့်သွင်းဖော်ပြနိုင်ရေးအတွက် အချက်အလက်အသုံးပြုသူများ အလုပ်ရုံဆွေးနွေးပွဲခေတ္တနားချိန်တွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးမှ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ ဥပဒေနှင့် အညီဆောင်ရွက်မည် ဆိုပါက တိုင်းပြည်အတွက် အန္တရာယ်ရှိသည်ဟု ပြော၍ မရနိုင်ကြောင်း၊ ထို့ပြင် ဥပဒေများနှင့် အညီ စေ့စပ်ဆောင်ရွက်ခြင်းဖြစ်သည့် အတွက် စိုးရိမ်စရာ မရှိကြောင်း ဦးသိန်းဆွေကပြောသည်။ 

နိုင်ငံသားဖြစ်ခွင့်ဆောင်ရွက်ရာတွင် ၁၉၈၂ ခုနှစ် ဥပဒေ အရ သာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။ 
ယင်းသို့ ဆုံးဖြတ်မည်ဆိုပါက စိုးရိမ်စရာ မရှိနိုင်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်ကပြောသည်။ 
“၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုရင်တော့ သိပ့်စိုးရိမ်စရာ မရှိဘူးလို့ ထင်ပါတယ်”ဟု ဦးဝင်းဇော်အောင်ကပြောသည်။ 
ထို့ပြင် ကလေးမွေးဖွားသည့် မွေးစာရင်း ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန ကသာ ထုတ်ပေးရခြင်းဖြစ်သည့် အတွက် မွေးစာရင်း ရှိမှသာ အိမ်ထောင်စု စာရင်းတွင် ၀င်နိုင်မည်ဖြစ်ရာ ထိုသို့ အိမ်ထောင်စု စာရင်းတွင် ၀င်နိုင်မှ နိုင်ငံသားစီစစ်ရေးကတ်လုပ်ရာတွင် လွယ်ကူနိုင်မည်ဖြစ်ကြောင်း ဦးဝင်းဇော်အောင်ကပြောသည်။ 
ထိုသို့ ထုတ်ပေးရာတွင်လည်း လူတစ်ဦး၏ရုပ်ရည်သွင်ပြင်လက္ခဏာအားကြည့်သာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးဝင်းဇော်အောင်ကပြောသည်။ 
“မွေးစာရင်းပေးတာနဲ့ ဆိုလိုတာကတော့ ကျွန်တော်တို့ ဒီတိုင်းရင်းသားတွေရဲ့ သွင်ပြင်လက္ခဏာ ရုပ်ရည်နဲ့ နိုင်ငံခြားသားရုပ်ရည်သွင်ပြင်လက္ခဏာကို လ၀က ကနေ ခွဲခြားသိပါတယ်။ သာမန် ကြည့်ရုံနဲ့ တိုင်းရင်းသားလား။ နိုင်ငံခြားသားလား။ ဆရာတို့ အနေနဲ့လည်း ကြည့်ရုံနဲ့ နိုင်ငံခြားသားဆို ဘယ်လို လက္ခဏာ ကိုယ့်တိုင်းရင်းသားဆို ဒါရှမ်း၊ဒါကချင်၊ ဒါ ကရင် ကြည့်လိုက်တာနဲ့ ဒါ ခန့်မှန်းလို့ ရပါတယ်။ ကျွန်တော်တို့ အတွက်ကလည်း ခန့်မှန်းလို့ရပါတယ်။သိပ့်တော့ စိုးရိမ်စရာမရှိဘူးလို့ ထင်ပါတယ်”ဟု ၎င်း ကပြောသည်။ 
လက်ရှိ ဥပဒေကြမ်း၏ အခန်း ၇ တွင် ကလေးသူငယ်အခွင့်အရေး အပိုင်းတွင် ပုဒ်မ ၁၉(ဋ) တွင် ဥပဒေနှင့် အညီ အမွေဆက်ခံခွင့်ရှိသည်ဟု ပါရှိပြီး ပုဒ်မ ၃၃ (ခ)တွင်လည်း မွေးစားကလေးသည် မွေးစားမိခင်နှ်င့သက်ဆိုင်သည့် ဥပဒေ(သို့) ဓလေ့ထုံးတမ်းဥပဒေနှ်င့ အညီ အခြားသားသမီးများကဲ့သို့ အမွေ ဆက်ခံရန် အခွင့်အရေး အပါအ၀င် အခြား အခွင့်အရေးများရရှိမည်ဟု ပါရှိသည်။ 
ဇွန်လ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် ကလေးသူငယ်ဆိုင်ရာ ဥပဒေကြမ်း တွင်ပါဝင်သည့် ပြင်ဆင်ချက် အချို့ နှင့် ပတ်သက်၍ လက်ရှိတွင် ကန့်ကွက် ဆန္ဒဖော်ထုတ်နေမှုများရှိနေသည်။

ယဉ်ကေနွယ် 
The Fifth Wave News

0 comments:

Post a Comment