Tuesday, June 25, 2019

မြန်မာယမ်စီကော့ပါးကုမ္ပဏီမှ လျှောက်ထားသည့် တိုးချဲ့ဧရိယာအား တိုင်းအစိုးရဆိုင်းငံ့


စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့နယ်(၃)ခုမှာ မြန်မာယမ်စီကော့ပါးကုမ္ပဏီက ကြေးနီနဲ့ဓာတ်သတ္တု စမ်းသပ်ရှာဖွေနိုင်ဖို့ဆိုပြီး တိုးချဲ့ဧရိယာ ဧကတစ်သိန်းတစ်သောင်းကျော် လျှောက်ထားမှုအပေါ် တိုင်းဒေသ ကြီးအစိုးရက ဆိုင်းငံ့ထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြိီး ဦးမြင့်ကြည်က ပြောပါ တယ်။ 
  
ဇွန်(၂၄)ရက်ကကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြ်ီးလွှတ်တော်မှာ ယင်းမာပင်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီရဲ့"ယမ်စီကုမ္ပဏီရဲ့ တိုးချဲ့ဧရိယာလျှောက်ထားမှုနဲ့ပတ်သက်တဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ဦးမြင့်ကြည်က အခုလို ပြောကြားခဲ့တာပါ။ 
“ လတ်တလောအခြေအနေအရ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မည်သည့်သဘောထားမှတ်ချက်မှ ပေးထားခြင်းမရှိသေးဘဲ ဆိုင်းငံ့ထားပြီး သဘောထားပေးရန် ဒေသခံကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ဒေသခံတောင်သူများအားလုံးနဲ့ ပြေလည်အောင်ဖြေရှင်းပြီးသွားမှသာလျှင် သဘောထား မှတ်ချက် ပေးသွားမှာဖြစ်ပါတယ်” လို့ ဦးမြင့်ကြည် ပြောကြားခဲ့ပါတယ်။ 
စစ်ကိုင်းတိုင်းဒေသကြီးထဲက ဆားလင်းကြီး၊ ယင်းမာပင်နဲ့ ကနီမြို့နယ်တွေမှာ မြန်မာယမ်စီကော့ပါးကုမ္ပဏီက ကြေးနီနဲ့ ဆက်စပ်ဓာတ်သတ္တု စမ်းသပ်ရှာဖွေနိုင်ဖို့နဲ့ ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို တင်ပြထားတာဖြစ်ပါတယ်။ 
မေးခွန်းရှင် ဒေါ်အောင်မေရီကတော့ အခုလို တိုးချဲ့ဧရိယာလျှောက်ထားတာကို စီမံကိန်းအဖြစ် ခွင့်ပြုလိုက်မယ်ဆိုရင် ဒေသခံတွေအနေနဲ့ ကန့်ကွက်ကြမှာဖြစ်တယ်လို့ မေးခွန်းမေးမြန်းချိန်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ 
မြန်မာယမ်စီကော့ပါးကုမ္ပဏီဟာ လက်ရှိအချိန်မှာ စံပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီစီမံကိန်းလုပ်ငန်းတွေကို မြန်မာ့စီပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်နဲ့ ကြေးနီတူးဖော်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်ပြီး ကြေးနီနဲ့ဆက်စပ်ဓာတ်သတ္တုစမ်းသပ်ရှာဖွေရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ တိုးချဲ့ ဧရိယာ လျှောက်ထားတာဖြစ်ပါတယ်။ သူတို့လျှောက်ထားတဲ့ ဧကတစ်သိန်းတစ်သောင်းကျော်ထဲမှာ ကျေးရွာ (၁၂၀)၊ လူဦးရေ(၈)သောင်းကျော်၊ အခြေခံပညာစာသင်ကျောင်း(၈၆)ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်း(၁၃၉)ကျောင်း ရှိတယ်လို့ သိရပါတယ်။ 


သတင်း - အောင်ကျော်ညွန့်
One News Myanmar 

0 comments:

Post a Comment