Wednesday, June 26, 2019

ကိုယ်လုပ်မှ ကိုယ်စားရသည်ဆိုသော်လည်း ကိုယ်လုပ်သလောက် အကျိုးခံစားခွင့်ရရှိရန် လိုကြောင်း သူရဦးရွှေမန်းပြော


ကိုယ်လုပ်မှ ကိုယ်စားရသည်ဆိုသော်လည်း ကိုယ်လုပ်သလောက် အကျိုးခံစားခွင့်ရရှိရန် လိုကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ ခေါင်းဆောင် သူရဦးရွှေမန်းက ဇွန်လ ၂၅ ရက်တွင်ပြောသည်။ 
မကွေးမြို့နယ်၊ ရေနံချောင်းမြို့နယ်၊ မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်၊ မင်းတုန်းမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်နှင့် အောင်လံမြို့ နယ်တို့မှ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ လူမှုအဖွဲ့အစည်းများ၊ ပါတီဝင်အဖြစ် အဆိုပြုထားသူများ၊ ပါတီအပေါ် စိတ်ဝင်စား၍ လေ့လာသူများနှင့် တွေ့ဆုံစဉ် သူရဦးရွှေမန်းက ယင်းသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။ 
ပြည်သူများ၏ စားဝတ်နေရေး လက်ရှိအခြေအနေကို ကျေနပ်အားရမှုမရှိကြဘဲ ယခုထက် ပိုမိုတိုးတက်ကောင်းမွန်လိုပါက ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တစ်ဦး၊ တစ်ဖွဲ့ဖြင့် ဆောင်ရွက်၍မရဘဲ ပြည်သူများ၏ ပူးပေါင်းပါဝင်မှု လိုကြောင်း၊ ပြည်သူအများစု နိုင်ငံရေးကို စိတ်ဝင်စားမှု၊ နိုးကြားတက်ကြွမှု မရှိကြဘဲ နိုင်ငံရေးပါတီများ အပေါ် စိတ်ကုန်နေသည်ဆိုခြင်းမှာ နိုင်ငံအတွက် မကောင်းကြောင်း၊ ကိုယ်လုပ်မှ ကိုယ်စားရသော်လည်း ကိုယ်လုပ်သလောက် အကျိုးခံစားခွင့်ရရှိရန် လိုသည်ဟု သူရဦးရွှေမန်းကဆိုသည်။ 
ထိုသို့ရရှိအောင် ပရိယေသန ဝမ်းစာလုပ်ကိုင်ရာတွင် ကာကွယ် ကူညီစောင့်ရှောက်နိုင်အောင် ပြည်သူက ရွေးချယ်တာဝန်ပေးအပ် ထားသူများက ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း၊ တောင်သူလယ်သမား၊ အလုပ်သမား၊ နိုင်ငံ့ဝန်ထမ်း၊ အခြေခံလူတန်းစားအားလုံး၏ စားဝတ်နေရေးနှင့် လူမှုစီးပွားဘဝ အဆင်ပြေကောင်းမွန်ပြီး နိုင်ငံသားများ၏ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိအောင် ဆောင်ရွက်မည်ဖြစ်သည်။ 
စေတနာကောင်းမွန်ရုံမျှနှင့် အကောင်အထည် မဖော်နိုင်ဘဲ အတွေ့အကြုံ၊ အရည်အချင်းနှင့် စွမ်းဆောင်နိုင်မှု လိုအပ်ကြောင်း၊ အတွေ့အကြုံသည် ချက်ချင်း ဝယ်၍လည်းမရနိုင်ကြောင်း၊ သို့ဖြစ်၍ စေတနာ၊ အတွေ့အကြုံ၊ အရည်အချင်း၊ စွမ်းဆောင်ရည်ရှိသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို ပြည်သူများက မှန်ကန်စွာ ရွေးချယ် တာဝန်ပေးရန် လိုကြောင်း၊ ထိုသို့ တာဝန်ပေးအပ်ခံရလျှင် ပြည်သူများက အပ်နှင်းထား သည့် လုပ်ပိုင်ခွင့်အရ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လုပ်ပိုင်ခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ စေတနာ၊ အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုအရ ပြည်သူ့ အကျိုး၊ နိုင်ငံ့အကျိုးကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက် မည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ဆက်လက်ပြောကြားခဲ့သည်။ 
The Ladies News

0 comments:

Post a Comment