Wednesday, June 26, 2019

လူဦးရေစာရင်းဇယားများ၊ လူဦးရေနှင့်ဆက်စပ်သည့်အညွှန်းကိန်းများ ရရှိရေးအတွက် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူမည်


နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်သည့် လူဦးရေစာရင်းဇယားများ၊ လူဦးရေနှင့် ဆက်စပ်သည့် အညွှန်းကိန်းများ ရရှိရေးအတွက် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးဗဟိုကော်မတီ၏ ကြီးကြပ်မှုနှင့်အတူ ဝန်ကြီးဌာနက အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။ 
နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ဇွန် ၂၅ ရက်က ပြုလုပ်သည့် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း မေးခွန်း ပုံစံနှင့်ပတ်သက်၍ အချက်အလက်အသုံးပြုသူများ အလုပ်ရုံဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းပြောကြားရာတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 
“၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူမှုကို နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေနဲ့ ဆောင်ရွက်မှာဖြစ်ပြီး နည်းပညာနဲ့ဆက်စပ်တဲ့ ပံ့ပိုးမှုများအတွက် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယခုလက်ရှိအခြေအနေမှာ UNFPA ၊ World Bank ၊ One Map Myanmar ၊ ADB တို့နဲ့ စာရင်းကောက်ကွက်မြေပုံများ Update ပြုလုပ်ခြင်း၊ မေးခွန်းလွှာပြုစုခြင်း၊ စာရင်းကောက်ယူခြင်း၊ Processing ပြုလုပ်ခြင်း၊ သုတေသနနဲ့ လေ့လာဆန်းစစ်မှုပြုလုပ်ခြင်းနဲ့ အစီရင်ခံစာပြုစုခြင်း စတဲ့လုပ်ငန်းတွေမှာ နည်းပညာအပါအဝင် လိုအပ်တဲ့ပံ့ပိုးမှုများအတွက် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်တဲ့ လူဦးရေစာရင်းဇယားများနဲ့ လူဦးရေနဲ့ဆက်စပ်တဲ့ အညွှန်းကိန်းတွေ ရရှိရေးအတွက် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူရေး ဗဟိုကော်မတီ၏ ကြီးကြပ်မှုနဲ့အတူ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ 
အထက်ပါလုပ်ငန်းကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူ၍ အစိုးရဌာန၊ အဖွဲ့အစည်းများ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းကို အောင်မြင်ချောမွေ့စွာ အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ယခုပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် မေးခွန်းလွှာပြင်ဆင်မှုနှင့်ပတ်သက်၍ တက်ရောက်လာသူများက ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဆွေးနွေးအကြံပြုပေးကြရန် တိုက်တွန်းကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ 
ပြည်ထောင်စုဝန်ကြီးက “၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမှရရှိတဲ့ ကိန်းဂဏန်း၊ အချက်အလက်များအပေါ်အခြေခံ၍ ရှေ့လာမည့် နှစ်များအတွက် လူဦးရေခန့်မှန်းခြင်းနှင့် ၂၀၁၄ ခုနှစ် မတိုင်မီကာလများရှိ လူဦးရေကို ပြန်လည်ခန့်မှန်းတွက်ချက်ခြင်း၊ လူဦးရေတိုးနှုန်းနှင့် လူဦးရေဆိုင်ရာ အညွှန်းကိန်းများ တွက်ချက်ခြင်းတို့ကို နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး မူဝါဒများချမှတ် နိုင်ရေးနှင့် လိုအပ်တဲ့စီမံကိန်းများ ရေးဆွဲဆောင်ရွက်နိုင်ရေးတို့အတွက် ပံ့ပိုးပေးလျက် ရှိပါတယ်။ သို့သော် စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များသည် ပြောင်းလဲလာတဲ့ လက်ရှိအခြေအနေများကို ကိုယ်စားပြုနိုင်ဖို့ဟာ အဓိကကျတဲ့ အချက်တစ်ချက် ဖြစ်တယ်ဆိုတာ တက်ရောက်လာသူများအားလုံး အသိပဲဖြစ်ပါတယ်” ဟု ပြောကြားသည်။ 
၁၀ နှစ်တစ်ကြိမ်ကောက်ယူသည့် သန်းခေါင်စာရင်း၏ အချက်အလက်များကို လက်ရှိအခြေအနေနှင့် ကွာဟမှုမရှိစေရန်နှင့် ပြောင်းလဲမှုကို သိရှိနိုင်စေရန် ကမ္ဘာ့နိုင်ငံအများစုတွင် ဆောင်ရွက်လျက်ရှိသည့် အတွေ့အကြုံများကို လေ့လာသုံးသပ်၍ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီး ငါးနှစ်အကြာဖြစ်သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူရန် စီစဉ်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ 

Eleven Media Group

0 comments:

Post a Comment