Wednesday, June 26, 2019

ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သည့်အခါ ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး ပြည်သူများ အကျိုးစီးပွားကို ရှေ့ရှုဆောင်ရွက် သင့်ဟုဆို


ရခိုင်ပြည်နယ်သည် ပထဝီနိုင်ငံရေးအရ အချက်အခြာကျသော နေရာတစ်ခုဖြစ်ကြောင်း စီးပွားရေးပိုင်းတွင် အနောက်နိုင်ငံမှ စိတ်ဝင်စားမှုရှိသကဲ့သို့ အရှေ့တိုင်းမှလည်း စိတ်ဝင်စားမှုရှိကြောင်း ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သည့်အခါ ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး ပြည်သူများ အကျိုးစီးပွားကို ရှေ့ရှုဆောင်ရွက် သင့်ကြောင်းရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ က ဇွန်လ ၂၅ ရက်တွင်ပြောသည်။ 
Gold Coast KTMG Development Co.,ltd မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တည်ဆောက်မည့် စစ်တွေမြို့သစ်စီမံကိန်း(SITTWE MYANMAR CITY 2030)နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေး ခန်းမတွင် လာရောက်ရှင်းလင်းသည့်အခမ်းအနားတွင် လွှတ်တော်ဥက္ကဌက အမှာစကားပြောကြားရာ ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 
အဆိုပါအခမ်းအနားတွင် Gold Coast KTMG Development Co.,ltd မှ တာဝန်ရှိသူများက ကုမ္ပဏီအကြောင်း၊ စစ်တွေမြို့တွင် တည်ဆောက်မည့် စီမံကိန်း တွင်ပါဝင်သည့် အဆောက်အဦ၊ စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများ၊ လမ်းတံတားလုပ်ငန်းများ၊ လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိရေးဆိုင်ရာများနှင့် ပတ်သက်ပြီး ရှင်းလင်းခဲ့ရာ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့သည်။ 
စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိပါက စစ်တွေမြို့ ကျေးတောရွာနှင့် ရွှေမင်းဂံကျေးရွာအနီး မြေဧက ၇၀၀၀ ပေါ်တွင် အကောင်အထည်ပေါ်နိုင်ရေး အဆိုပြုတင်ပြထားကြောင်းသိရသည်။ 
ရှင်းလင်းပွဲသို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ဒုတိယဥက္ကဋ္ဌ ဦးမြသန်းနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ အကြံပေးအဖွဲ့ဝင်များ၊ Gold Coast KTMG Development Co.,ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 
The Ladies News

0 comments:

Post a Comment