Tuesday, June 25, 2019

နိုင်ငံရေးတည်ငြိမ်မှုမရှိသေးဘဲ စီမံခန့်ခွဲမှုလွဲချော်ခြင်းများကြောင့် ဒီမိုကရေစီလမ်းကြောင်း ယိမ်းယိုင်မသွားစေရန် ကာကွယ်ရေးအမြင်ဖြင့် သတိပြုရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား


နိုင်ငံရေးတည်ငြိမ်မှုမရှိသေးဘဲ စီမံခန့်ခွဲမှုလွဲချော်ခြင်းများကြောင့် ဒီမိုကရေစီလမ်းကြောင်း ယိမ်းယိုင်မသွားစေရန် ကာကွယ်ရေးအမြင်ဖြင့် သတိပြုရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန် ၂၅ ရက်တွင်ပျဉ်ပုံကြီး တပ်နယ်ရှိအရာရှိ၊ စစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်၏ ကာကွယ်ရေးစွမ်းပကား ကောင်းမွန်မှသာ အများက လေးစားကြမည်ဖြစ်၍ ကာကွယ်ရေးစွမ်းပကားကို ခိုင်မာအောင် တည်ဆောက်နေကြောင်း၊ တပ်မတော်၏ အမျိုးသားနိုင်ငံရေးကဏ္ဍ ပျောက်ပျက်သွားအောင်၊ မျိုးချစ်စိတ်ဓာတ်များ ပျက်ပြားသွားအောင် လုပ်ဆောင်ချက်များနှင့် နိုင်ငံရေးတည်ငြိမ်မှုမရှိသေးဘဲ စီမံခန့်ခွဲမှု လွဲချော်ခြင်းများကြောင့် ဒီမိုကရေစီလမ်း ကြောင်း ယိမ်းယိုင်မသွားစေရန်နှင့်  ကာကွယ်ရေးစွမ်းပကား လျော့နည်းသွားခြင်းများ မရှိစေရန် ကာကွယ်ရေးအမြင်ဖြင့် သတိပြုကြ ရန်လိုကြောင်း၊ ကာကွယ်ရေးစွမ်းအားကို တည်ဆောက်နေရုံဖြင့်မရဘဲ ခိုင်မာထက် မြက်နေအောင်လည်း လေ့ကျင့်နေကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ပြောကြားသည်။
ထို့ပြင် နိုင်ငံနှင့် ပြည်သူအတွက် အသက်နှင့်ခန္ဓာ စွန့်လွှတ်၍ တာဝန်ထမ်းဆောင်ခဲ့ကြသော တပ်မတော်သားများအတွက် ပြန်လည်နေရာချထားရေး လုပ်ငန်းများကို မဖြစ်မနေ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံ၏ ကာကွယ်ရေးစွမ်းပကားကို တည်ဆောက်ရာတွင် တပ်မတော်သားများ၏ ရှိပြီးသား နိုင်ငံတော်ကာကွယ်လိုစိတ် အခြေခံကို ပိုမိုခိုင်မာအောင် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများသည် စွန့်လွှတ်စွန့်စားစွာဖြင့် ကာကွယ်ရေးတာဝန်များ ထမ်းဆောင်နေကြရသဖြင့် ကြောင့်ကြမှု မရှိကြရအောင် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ မိမိတို့တစ်ဦးချင်း၏ ဝင်ငွေ၊ ထွက်ငွေမျှတအောင် အလေ့အကျင့်လုပ်ကြရန်၊ အသုံးနှင့်အဖြုန်းကို ခွဲခြားနားလည်၍ စည်းစနစ်တကျ ဆင်ခြင်သုံးစွဲကြရန် လိုကြောင်း၊ ကျန်းမာရေးကိုထိခိုက်စေပြီး ငွေကုန်ကြေးကျများစေသော အရက်၊ ဆေးလိပ်နှင့် ကွမ်း စားသုံးခြင်းများနှင့် အသောက်အစား၊ အစားအသောက်များကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ယင်းအပြင် စည်းကမ်းသည် တပ်မတော်၏ ကျောရိုးဖြစ်ပြီး တပ်မတော်သားအားလုံးသည် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာကြရကြောင်း၊ တပ်မတော်သည် တိုင်းပြည်ကာကွယ်ရေးကိုသာမက ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့အစည်းမဆို  စည်းကမ်းမရှိပါက တိုင်းပြည်အတွက် အကျိုးမရှိကြောင်း၊ တပ်မတော်၏ ဝတ်စားဆင်ယင်မှု၊ သွားလာနေထိုင်မှုအားလုံး စည်းကမ်းစနစ်ဖြင့်သာ လုပ်ဆောင်ရကြောင်း၊ တပ်မတော်သည်  တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း၊ ပြည်သူ့အကျိုးရှိရာရှိကြောင်း လုပ်ဆောင်လျက်ရှိရာတွင် တပ်မတော်သားများအားလုံး တစ်ဦးချင်း စည်းကမ်းရှိရန်၊ တပ်ဖွဲ့လိုက် စည်းကမ်းရှိရန် ဆောင်ရွက်ပြီး စည်းကမ်းကောင်းသည့် တပ်မတော်၊ စည်းကမ်းရှိသည့် အဖွဲ့အစည်းများ၊ စည်းကမ်းရှိသည့်နိုင်ငံဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ လူတိုင်းသည် ကိုယ့်ဘဝကို တိုးတက်ချင်သည့် စိတ်ရှိကြကြောင်း၊ မိမိတို့ဘဝကို ထိခိုက်စေနိုင်သည့် အနေအထိုင်အပြုအမူများ၊ အရက်သေစာ သောက်စားမှုများကို ရှောင်ကြဉ်ရန်လိုပြီး မိမိကိုယ်ကို ထိန်းသိမ်းရန်၊ ထုတ်ပြန်ထားသည့် တည်မြဲအမိန့်များကို လိုက်နာရန်၊ မိမိအလုပ်ကို မိမိတာဝန်ကျေအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ဘဝအတွက် အထောက်အကူဖြစ်စေနိုင်သည့် အသိပညာ၊ အတတ်ပညာများရရှိစေရန် စာအုပ်၊ စာစောင်များအား အမြဲဖတ်ရှုလေ့လာနေရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတပ်၊ ဌာနချုပ်များအလိုက် စာကြည့်တိုက်များ ဆောက်လုပ်ပေးထားပြီး လိုအပ်သည့် သုတ၊ ရသစာအုပ်စာစောင်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးထားကြောင်း စသည်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။  

Eleven Media Group



0 comments:

Post a Comment