Tuesday, June 25, 2019

မော်လမြိုင်မြို့နယ် ဖားအောက်တိုက်နယ်ရှိ မွန်ငြိမ်းချမ်းကာကွယ်ရေး (အထူးတပ်ဖွဲ့) (MPDF) ၏ ဆက်ဆံရေးရုံး ဖွင့်ထားသော နေအိမ်ခြံဝင်း အတွင်းမှ မူးယစ်ဆေးဝါးများနှင့်အတူ လုပ်သေနတ်၊ လေသေနတ်နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


မော်လမြိုင်မြို့ နယ်၊ ဖားအောက်တိုက်နယ်၊ ဖားအောက်ကျေးရွာ၊ အမှတ် (၁၀) ရပ် ကွက်၊ (၇) လမ်းရှိ မွန်ငြိမ်းချမ်း ကာကွယ်ရေး (အထူးတပ်ဖွဲ့) (MPDF) ၏ ဆက်ဆံရေးရုံးဖွင့် လှစ်ထားသော ၎င်းတပ်ဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ နိုင်အောင်အောင် (ခ) နိုင်အောင်၏ နေအိမ်ခြံဝင်းအား ဇွန်၂၄ ရက်က မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများနှင့်အတူ လုပ်သေနတ်၊ လေသေနတ်နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ 
ဖြစ်စဉ်မှာ ဇွန်၂၄ရက်၊ မွန်းတည် ၁၂ နာရီခန့်က အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး မောင်မောင်လတ် ဦးစီးသော တပ်ဖွဲ့ဝင်များမှ မူးယစ်ဆေးဝါး သတင်းအရ မော်လမြိုင်မြို့နယ်၊ ဖားအောက်တိုက်နယ်၊ ဖားအောက်ကျေးရွာ (အနောက်ပိုင်း)၊ အမှတ် (၁၀) ရပ်ကွက်၊ (၇) လမ်းရှိ မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ၏ ဆက်ဆံရေးရုံး ဖွင့်လှစ်ထားသော ၎င်းတပ်မှ ဗိုလ်မှူးအဆင့်ရှိ နိုင်အောင်အောင် (ခ) နိုင်အောင်၏ နေအိမ်ခြံဝင်းအား မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာ ၎င်းနေအိမ်ခြံဝင်း အတွင်းရှိ နှစ်ထပ်နေအိမ် လှေကားအောက်မှ ဆေးခြောက်ဟု ယူဆရသည့် အလေးချိန် နှစ်ကျပ်သားခန့်ရှိ အထုပ်တစ်ထုပ်အား လည်းကောင်း၊ ခြံဝင်းအတွင်းရှိ ဝက်ခြံအဟောင်း အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၃၅၈ ပြားနှင့် မူးယစ်ဆေးဝါး သုံးစွဲရာ၌ အသုံးပြုသော ပစ္စည်းကိရိယာများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းမှ သိရသည်။ 
ထို့နောက် မွန်ငြိမ်းချမ်းကာကွယ်ရေး (အထူးတပ်ဖွဲ့) (MPDF) ဆက်ဆံရေးရုံးအဖြစ် ဖွင့်လှစ်ထားသော ဗိုလ်မှူးအဆင့်ရှိ နိုင် အောင်အောင် (ခ) နိုင်အောင်၏ နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ သစ်သားကိုယ်ထည် ပြောင်းရှည်ပွိုင့် -၂၂ (ကျည်အစစ်ထည့် ပစ်ခတ်ရသည့်) သေနတ်တစ်လက်၊ တစ်လုံးထိုးခါးချိုး (ကျည်အစစ် ထည့်ပစ်ရသည့်) သေနတ်အတိုတစ်လက်၊ သစ်သားကိုယ်ထည် ပြောင်းရှည် အောက်ဆွဲ (လေသေနတ်) တစ်လက်၊ သစ်သားကိုယ်ထည် ပြောင်းရှည် ဘေးဆွဲ (လေသေနတ်) တစ်လက်၊ မှန်ပြောင်းတပ် M-16 ပုံစံကော်သေနတ် တစ်လက်၊ ကော်ဘောစေ့ဖြင့် ပစ်ခတ်ရသော (လေသေနတ်) နှစ်လက်၊ Tasco တံဆိပ်ပါ အနက်ရောင် မှန်ပြောင်းတစ်ခု၊ အနက်ရောင် မှန်ပြောင်းနှစ်ခု၊ သုံးဆစ်သံပိုက်တုတ် တစ်ချောင်း၊ ခေါက်ဓါးတစ်လက်၊ ၇ ဒသမ ၆၂ ကျည် (၁၀) တောင့်၊ ၉ မမ ကျည်ခြောက်တောင့်၊ ပွိုင့် - ၂၂ ကျည်ကိုးတောင့်၊ ပွိုင့် - ၄၅ ကျည် (၁၃) တောင့်၊ Anofeng လက်ကိုင် စကားပြောစက် တစ်လုံး၊ အစိမ်းရောင် ပစ္စတိုအိတ်နှစ်ခု၊ အနက်ရောင် ပစ္စတိုအိတ်တစ်ခု၊ ပျောက်ကျား ဘေးလွယ အိတ်တစ်လုံး၊ မွန်အထူးတပ်ဖွဲ့လည်စီးတစ်ခု၊ မွန်ငြိမ်းချမ်း ကာကွယ်ရေး ပျောက်ကျားစစ်ယူ နီဖောင်းတစ်စုံ၊ 2D/2403 နံပါတ်တပ်ဆင်ထားသည့် Honda Fit အမျိုးအစား အဖြူရောင် မော်တော်ယာဉ် တစ်စီးတို့အား သိမ်းဆည်း ရမိခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းထံမှ သိရသည်။ 
“နိုင်အောင်အောင် (ခ) နိုင်အောင်ရဲ့ နေအိမ်ခြံဝင်း အတွင်းမှာ ရှာဖွေသိမ်းဆည်း ရမိခဲ့တဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးမျိုးဇော်အောင်က ဖားအောက် ရဲကင်းစခန်းက စခန်းမှူး ဒုရဲအုပ်သက်တင်နိုင်ထံ လာရောက်ပေးအပ်ခဲ့ပါတယ်။ ဒုရဲအုပ် သက်တင်နိုင်ကနေ သက်သေတွေရှေ့မှာ ရှာဖွေပုံစံနဲ့ သိမ်းဆည်းခဲ့ပြီးတော့ မွန်ငြိမ်းချမ်း ကာကွယ်ရေး (အထူးတပ်ဖွဲ့) (MPDF) က ဗိုလ်မှူးအဆင့်ရှိတဲ့ နိုင်အောင်အောင် (ခ) နိုင်အောင်ပါ ငါးဦးကို ဇွန် ၂၄ ရက် ည ၉ နာရီမှာ မုပွန်နယ်မြေရဲစခန်းကို လွှဲပြောင်းအပ်နှံခဲ့ပါတယ်။ စခန်းမှာ မူးယစ်/စိတ်ပြောင်း ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူ ထားပါတယ်” ဟု မုပွန်နယ်မြေရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ 
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မွန်ငြိမ်းချမ်းကာကွယ်ရေး (အထူးတပ်ဖွဲ့) (MPDF) မှ ဗိုလ်မှူးအဆင့်ရှိ နိုင်အောင်အောင် (ခ) နိုင်အောင်၊ ဗိုလ်အဆင့်ရှိသူ ဇော်နိုင်၊ ဗိုလ်အဆင့်ရှိသူ စိုးသန်း၊ ဗိုလ်အဆင့်ရှိသူ ဇော်ဦးနှင့် နိုင်ဦးတို့ ငါးဦးအပေါ် မုပွန်နယ်မြေရဲစခန်း ကမယ (ပ) ၂၀/၂၀၁၉၊ မူးယစ်/စိတ်ပြောင်း ဥပဒေပုဒ်မ - ၁၉ (က)/၂၁ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment