Wednesday, June 26, 2019

ကော့သောင်းနှင့်မောတောင်မြို့များတွင် စိတ်ကြွဆေးပြားများနှင့်လက်နက်များ ဖမ်းဆီးရမိ


ကော့သောင်းနှင့် မောတောင်မြို့များတွင် စိတ်ကြွဆေးပြားများနှင့် လက်နက်များ ဖမ်းဆီးရမိကြောင်း သိရသည်။ 
ကော့သောင်းခရိုင် ကော့သောင်းမြို့နှင့် မြိတ်ခရိုင်အတွင်းရှိ တနင်္သာရီမြို့နယ် မောတောင်မြို့တွင် ဇွန်၂၃ နှင့်၂၄ ရက်များက မူးယစ်ဝါးဖမ်းဆီးရာတွင် လက်နက်နှင့် ကျည်ဆန်များပါ ဖမ်းဆီးရမိခြင်းဖြစ်သည်။ 
ဇွန်၂၃ ရက်က မူးယစ်တပ်ဖွဲ့စု (၃၄ ) ကော့သောင်းမှတပ်ဖွဲ့ဝင်များမှာ အေးရိပ်ငြိမ်ရပ်ကွက် ဘိုးဘွားရိပ်သာလမ်းရှိ ပိုက်ဦးစိုးနေအိမ်သို့ မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးခွင့် ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူဟုယူဆရသည့် ဖြူဝါကြားအရောင်ပါသည့်အမှုန့် ၁၈ ဂရမ်တွေ့ရှိခဲ့ကြောင်း သိရသည်။ နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ သစ်သားဗီရိုအတွင်းမှ စိတ်ကြွဆေးပြား ၄၀၀၀၀၊ ဘိန်းစာမှုန့် ၁၁ ထုပ် (၉၉၀ ဂရမ်) ၊ ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခုနှင့် ၃၈ ဗို့ ကျည်တို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 
“သွားရောက်ဖမ်းဆီးတော့ လုပ်သေနတ်တစ်လက်ရယ် စိတ်ကြွဆေးပြားလေး သောင်းရယ်၊ ICE မူးယစ်ဆေးအနည်းငယ် ဖမ်းဆီးရမိပါတယ်။ ရန်ကုန်ကနေ အဆက်အသွယ်တစ်ခုနဲ့ဖုန်းရလို့ သွားယူလာတယ်။ နောက်အဆက်အသွယ်တစ်ခုကို လွှဲပေးဖို့ လုပ်နေတုန်း ဖမ်းဆီးရမိသွားတာပါ။ နောက်အဆက်အသွယ်က စုံစမ်းနေတုန်းပါ။ သေနတ်ကတော့ ရနောင်းမှာ ဒီလူကငါးသေတ္တာ စက်ရုံမှာလုပ်နေတယ်။ ရနောင်းမြို့မှာဆိုတော့ သိတဲ့အတိုင်းပဲ သေနတ်ကဝယ်လို့ရတယ်။ သူ့သူဌေးကလည်း သေနတ်ပေးလိုက်တော့ ယူလာတယ်လို့ပြောပါတယ်။ ကွင်းဆက်တွေ ဖမ်းဆီးရမိရေးဆောင်ရွက်နေပါတယ်” ဟု ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးထွန်းဦးက ပြောကြားသည်။ 
ဖြစ်စဉ်နှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါးများနှင့်လက်နက်ခဲယမ်းများ လက်ဝယ်တွေ့ရှိသူ ပိုက်စိုးဦးအား ကော့သောင်းမြို့မရဲစခန်းက မယ (ပ) ၆၃ / ၂၀၁၉ မူးစိတ်ပုဒ်မ ၁၉ (က)/၂၂ (ခ)ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ 
ဇွန် ၂၄ ရက် ညနေပိုင်းကလည်း မြိတ်ခရိုင် တနင်္သာရီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်ရှိ မောတောင်မြို့အမှတ် (၁)ရပ်ကွက်တွင်နေထိုင်သော ဦးဝင်းနိုင်ဆိုသူ၏ နေအိမ်သို့ သတင်းအရ မူးယစ်တပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၁၀၀၊ICE မူးယစ်ဆေး ငါးဂရမ်၊ ဘိန်းစာမှုန့် ၈၀၀ ဂရမ်၊ တူမီးသေနတ် အရှည်တစ်လက်၊ အတိုတစ်လက်၊ ခဲသီး ၁၅ လုံးနှင့်ငွေစက္ကူအချို့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မူးယစ်ဆေးလက်ဝယ်ထားရှိ သုံးစွဲသူများဖြစ်သည့် ဦးဝင်းနိုင် (၄၈ နှစ်)နှင့်ရှစ်ဦးအား မောတောင်နယ်မြေရဲစခန်းက မယ(ပ)၄/၂၀၁၉၊ မူးစိတ်ပုဒ်မ ၁၉ (က )/၂၁/၂၂(ခ)ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment