Tuesday, June 25, 2019

မောင်​​တောမြို့နယ်တွင် ​တောင်​သူ ၁ ​ဦး ​တောဆင်ရိုင်းနင်းသတ်​၍ ​သေဆုံး


ရခိုင်ပြည်နယ်၊​ ​မောင်​​တောမြို့နယ်၊ ကံသာယာ​ကျေးရွာမှာ ဇွန်​လ ၂၄ ရက်​​ ည​နေ ၆ နာရီကျော်​လောက်က ​တောင်​သူတဦး ​တောဆင်ရိုင်းနင်းလို့ ​သေဆုံးသွားခဲ့​တယ်လို့ ကံသာယာ အထက်​​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဘထွန်း​အောင်​ က ပြောပါတယ်။ 
“သူတို့က ယာခင်းလုပ်​​နေကြသူပါ။ ည​နေ ၆ နာရီ​ကျော်​​လောက်​မှာ ယာခင်းခြံလုပ်​​နေရာက အိမ်​ပြန်​အလာမှာ ​တောဆင်ရိုင်းနဲ့​တွေ့ပြီး အသတ်​ခံရတာပါ။ အချိန်​မီ ​​မောင်​​တောဆေးရုံကို ပို့​ဆောင်​ခဲ့​ပေမယ့်​ ​ဆေးရုံ​မှာ ​အောက်​ဆီဂျင်​ရှူပြီး ​ဆေးကုသမှုခံယူရင်း ​သေဆုံးခဲ့ရတာပါ” လို့ အုပ်ချုပ်ရေးမှူးက ​ပြောပါတယ်။ 

သေဆုံးသွားတဲ့ ဦးမောင်ရွှေကျော်ဟာ အသက် ၄၄ နှစ်အရွယ် လယ်​သမားတဦးဖြစ်ပြီး မြစိမ်း​ရောင်​​​ ချေး​ငွေလုပ်​ငန်းရဲ့ ​ကျေးရွာတာဝန်​ခံတ​ဦးဖြစ်ပါတယ်။ သူကွယ်လွန်ချိန်မှာ သားသမီး ၇ ဦး ကျန်​ခဲ့​ကြောင်း သိရပါတယ်။ 

ကံသာယာ အထက်​​ကျေးရွာမှ ကို​ကျော်​လှက “ဒီလို​တောဆင်ရိုင်း​တွေက အမြဲလိုလို ရွာ​တွေမှာ စိုက်​စားတဲ့ စိုက်​ခင်း​တွေက သီးနှံတွေကို စားတယ်​၊ ဖျက်​ဆီးတယ်​။ သက်​ဆိုင်​ရာ သစ်​​တောအာဏာပိုင်​အဖွဲ့အစည်း​တွေနဲ့ ဘာတ​ခုမှ ​တောဆင်ရိုင်းအန္တရယ်​ကို မကာကွယ်​​ပေး နိုင်​ကြဘူး အခု​ကျေးရွာသူ/သား​တွေ ထိတ်လန့်​ပြီး ညအချိန်​ အ​လေးအ​ပေါ့သွားဖို့ အိမ်​အောက် ​ဆင်းဖို့​​တောင် ​စိုးရိမ်​​နေကြရပါတယ်​”လို့ ​ ပြောပါတယ်။ 

၂၀၁၇ ခုနှစ်​ အကြမ်းဖက်​ဖြစ်​စဉ်​တွေအပြီး ​မောင်​​တောမြို့နယ်​အတွင်း ​လူအများအပြား နေရပ်​စွန့်​ခွာပြီး​နောက်​ ​တောရိုင်းတရိစ္ဆာန်တွေ ပေါများလာပြီး လူတွေကို အသက်​အန္တရာယ်​ပါ ​ပေးလာတာဖြစ်ပါတယ်​။ 

ကံသာယာ အထက်​​ကျေးရွာဟာ အိမ်​​ခြေ ၅၀ ​ကျော်​၊ လူဦး​ရေ ၃၀၀ ​ကျော်​ ​နေထိုင်​တဲ့ တိုင်းရင်းသား​ကျေးရွာဖြစ်​ပါတယ်​။ 


ကျော်လင်းဦး
DVB

0 comments:

Post a Comment