Tuesday, June 25, 2019

မလေးရှားတွင် လေထုညစ်ညမ်းမှုကြောင့် ကလေးများနေထိုင်မကောင်းဖြစ်ခဲ့ပြီးနောက် ကျောင်းများကိုပိတ်ထား


မလေးရှားနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် ကျောင်းသားကလေးငယ် ၇၅ ဦး ခန့် အသက်ရှူကျပ်ကာ အော့အန်ခဲ့ပြီးနောက် ဂျိုဟိုးပြည်နယ်တွင် ကျောင်းပေါင်း ၄၀၀ ကျော်ကို ပိတ်ထားလိုက်ရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။ 
ဂျိုဟိုးပြည်နယ် ပါဆာဂူဒန်းစက်မှုဇုန်တွင် လေထုညစ်ညမ်းမှုဖြစ်ရပ်ကို အာဏာပိုင်များက စုံစမ်းစစ်ဆေးနေခြင်းကြောင့် ကျောင်းများကို ကြာသပတေးနေ့အထိ ပိတ်ထားမည်ဖြစ်သည်ဟု ဆိုသည်။ 
မတ်လအတွင်းကလည်း မြစ်အတွင်းသို့ ဓာတုပစ္စည်း အညစ်အကြေးများစွန့်ပစ်မှုကြောင့် ကလေးအများစု အပါအဝင် လူပေါင်း ၄၀၀၀ ခန့် နေထိုင်မကောင်းဖြစ်ခဲ့ပြီးဖြစ်သည်။ ထိုဖြစ်ရပ်နှစ်ခုမှာ ဆက်နွှယ်ခြင်းမရှိဟု အာဏာပိုင်များက ဆိုသည်။ 
မူလတန်းနှင့် အလယ်တန်းကျောင်း ၁၀၀ ကျော်နှင့် ပုဂ္ဂလိကမူကြိုကျောင်း ၃၀၀ ခန့်ကို ယခုသီတင်းပတ်အတွင်း ယာယီပိတ်ထားရန် အာဏာပိုင်များက ညွှန်ကြားထားသည်။ 
ကျောင်း ၁၅ ကျောင်းမှ ကျောင်းသား ၇၅ ဦးခန့်သည် အသက်ရှူကျပ်ကာ အော့အန်မှုများဖြစ်ခဲ့သောကြောင့် ဆေးရုံသို့ပို့ဆောင်ကုသပေးခဲ့ရသည်ဟု ဂျိုဟိုးဝန်ကြီးချုပ် ဒေါက်တာရှာရူဒင်ဂျမေးလ်က ပြောကြားသည်။
သို့ရာတွင် မတ်လအတွင်းက ကင်ကင်မြစ်အတွင်းမှ အဆိပ်သင့်ဓာတ်ငွေ့များကို ရှူရှိုက်မိသောကြောင့် လူထောင်ပေါင်းများစွာ နေထိုင်မကောင်းဖြစ်ကာ ကျောင်းပေါင်း ၁၀၀ ကျော် ပိတ်ထားခဲ့ရသည့်ဖြစ်ရပ်နှင့် ဆက်နွှယ်မှုမရှိဟု ရှာရူဒင်ကဆိုသည်။ 
မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ကလည်း ယခုဖြစ်ရပ် နောက်ကွယ်မှ လက်သည်များကို ပြင်းထန်စွာ အရေးယူဆောင်ရွက်မည်ဟုပြောကြားသည်။ မတ်လက တစ်ကြိမ်ဖြစ်ခဲ့ပြီးနောက် ယခုတစ်ကြိမ် ထပ်မဖြစ်သင့်တော့ကြောင်း မဟာသီယာက မှတ်ချက်ပေးသည်။ 
မတ်လအတွင်းက ကင်ကင်မြစ်အတွင်းသို့ စည်းကမ်းမဲ့ စွန့်ပစ်ထားသော ဓာတုပစ္စည်း အညစ်အကြေးများထဲတွင် ဟိုက်ဒရိုဂျင် ဆိုင်ယာနိုက်အပါအဝင် ဓာတုအဆိပ် အနည်းဆုံး ၁၅ မျိုးကို မီးသတ်နှင့် ကယ်ဆယ်ရေးဌာန တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိခဲ့သည်။ 
အဆိုပါဖြစ်ရပ်တွင် တာဝန်ရှိသော မလေးရှားနှစ်ဦးနှင့် စင်ကာပူတစ်ဦး စုစု ပေါင်း တရားခံသုံးဦးကို အစိုးရက တရားစွဲဆိုခဲ့သည်။ 
ဂျိုဟိုးဝန်ကြီးချုပ် ရှာရူဒင်က “ကင်ကင်မြစ်ထဲက ဓာတုအဆိပ်တွေကိုဖယ်ရှားပြီးပါပြီ။ အခု နောက်ဆုံးဖြစ်ရပ်ကိုတော့ စုံစမ်းစစ်ဆေးနေတုန်းပါပဲ”ဟု ရှင်းလင်း ပြောကြားသည်။

The Voice

0 comments:

Post a Comment