Tuesday, June 25, 2019

အခွန်ပြေစာမကပ်သည့် လုပ်ငန်းများထံမှ ဒဏ်ကြေး ကျပ် ၁၁ သန်းကျော်ရရှိ


စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခိုခန်းများက ငွေရှင်းပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ်မကပ်သောကြောင့် ဒဏ်ရိုက် ခြင်းမှ တစ်လအတွင်း ကျပ် ၁၁ သန်းကျော် ကောက်ခံရရှိထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။ 
၂၀၁၈-၁၉ ဘဏ္ဍာနှစ်အစ အောက်တိုဘာလမှ မေလအထိ ရှစ်လအတွင်း စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်းများမှ အခွန်အမှတ်တံဆိပ် မကပ်သောကြောင့် ဒဏ်ရိုက်ထားသည့် ဒဏ်ကြေး ကျပ်သန်း ၁၂၀ ခန့် ရရှိထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောဆိုသည်။ 
ယင်းသို့ အခွန်အမှတ်တံဆိပ်မကပ်သည့် စားသောက်ဆိုင်များ တိုင်ကြားထားသူများကို တစ်လအတွင်း ဆုကြေးကျပ် ၄ သန်း ပြန်လည် ထုတ်ပေးထားကြောင်း အဆိုပါဌာနထံမှ သိရသည်။ 
ဘဏ္ဍာနှစ် ရှစ်လအတွင်းတွင် တိုင်ကြားသူများအား ဆုကြေး ကျပ် ၁၀ သန်းခန့် ထုတ်ပေးထားကြောင်း သိရသည်။ 
ထိုသို့ စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်းများအား ၂၀၁၅ နှစ်မှစတင်၍ ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။ 
ယင်းဝန်ဆောင်မှုလုပ်ငန်းများ၏ ငွေရှင်းပြေစာပေါ်တွင် အခွန်ပြေစာအမှတ် တံဆိပ်ကပ်နှိပ်ရမည်ဖြစ်ပြီး အခွန်ပြေစာ အမှတ်တံဆိပ်မကပ်သည့်စားသောက်ဆိုင်များအား ပထမတစ်ကြိမ်ပျက်ကွက်လျှင် ကျပ် နှစ်သိန်း၊ ဒုတိယတစ်ကြိမ်ပျက်ကွက်လျှင် ကျပ်ငါးသိန်း၊ တတိယတစ်ကြိမ်ပျက်ကွက်လျှင် ကျပ်ခုနစ်သိန်းနှင့် စတုတ္ထအကြိမ် ပျက်ကွက်ပါက ကျပ် ၁၀ သိန်း ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်သည်။ 
ထို့ပြင် လေးကြိမ်အထက် ပျက်ကွက်မှုများအား တစ်ကြိမ်လျှင် ဒဏ်ကြေးကျပ် ၁၀ သိန်းပေးဆောင်ရမည်ဖြစ်သည်။ 
ဝန်ဆောင်မှုလုပ်ငန်းများ၏ ပြေစာတွင် အခွန်အမှတ်တံဆိပ်မကပ်ပါက ဒဏ်ရိုက်သည့်စနစ်ကို ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်တို့တွင် ၂၀၁၅ ခုနှစ် မေလက စတင်ကျင့်သုံးခဲ့သည်။ 

မျိုးစန္ဒာ
The Voice

0 comments:

Post a Comment