Wednesday, June 26, 2019

အစိုးရအနေဖြင့် အလုပ်သမားအခွင့်အရေး၊ ကာကွယ်ပေးရေးလုပ်ဆောင်ချက်များ ပွင့်လင်းမြင်သာစွာချပြရန် လိုအပ်နေဟု ဆို


အစိုးရအနေဖြင့် အလုပ်သမားအခွင့်အရေးကာကွယ်ရေးများနှင့်ပတ်သက်သောဆောင်ရွက်ချက်များကို မီဒီယာများမှတစ်ဆင့် ပြည်သူလူထုထံပွင့်လင်းမြင်သာမှုရှိစွာချပြရန် လိုအပ်နေသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။ 
ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် ဇွန်လ(၂၅)ရက်ကကျင်းပသည့် (၁၀၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံတွင်တက်ရောက်ပြီးဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းခြင်းအခမ်းအနားတွင် ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။ 
“ ILO ကိုအမြဲဖိအားနေတဲ့အဖွဲ့အစည်းလို့ မမြင်စေချင်ပါဘူး။ သူတို့ရဲ့စံသတ်မှတ်ချက်တွေက အလုပ်သမားတွေရဲ့ အခွင့်အရေးရပိုင်ခွင့်တွေကိုရယူပေးနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ အစိုးရဘက်ကလည်း ငါတို့ဘာလုပ်လုပ်လိုက်ပြီးပိတ်ဆို့ဒဏ်ခတ်နေတာပဲလို့မထင်သင့်ပါဘူး။ အခုဆိုရင် အစိုးရဘက်က အလုပ်သမားများကို အဓမ္မစေခိုင်းမှုများအတွက် အရေးယူမှုတွေလုပ်နေတာတွေရှိပါတယ်။ ဒါတွေကို ပြည်သူလူထုကိုလည်း သိအောင်၊ နိုင်ငံတကာအဖွဲ့အစည်းတွေလည်းသိအောင်လုပ်ပေးဖို့ အများကြီး လိုပါတယ်။ အခုအခြေအနေမှာတော့ ပွင့်လင်းမြင်သာစွာ မီဒီယာကနေချပြတာမျိုး သိပ်မတွေ့ရသေးပါဘူး” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။ 
အလုပ်သမားများကိုအဓမ္မစေခိုင်းမှု၊ လုပ်ငန်းခွင်အကြမ်းဖက်မှုများအတွက်အမျိုးသားရေးအဆင့် တိုင်ကြားမှုယန္တရားကို မကြာမီကာလအတွင်းစတင်နိုင်မည်ဖြစ်ကြောင်းအလုပ်သမား၊ လူ၀၀င်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေကလည်း ပြောကြားထားသည်။ 
မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားပပျောက်ရေးအတွက် အလုပ်သမားဝန်ကြီးဌာနမှ လုပ်ငန်းကော်မတီ (၈)ရပ် ဖွဲ့စည်းဆောင်ရွက်နေကြောင်း သိရသည်။ 
မြန်မာနိုင်ငံတွင် အသက် ၁၄ နှစ်အောက် ကလေးအလုပ်သမားများမှာ ၄င်းတို့၏ စိတ်ဓာတ်နှင့် စာရိတ္တများ ပျက်စီးစေနိုင်သည့်လုပ်ငန်းခွင်များတွင် အများဆုံးလုပ်ဆောင်နေရကြောင်း သိရသည်။ 

ထက်ဝေလင်း ( အကုန်သိ သတင်းဌာန ) 

0 comments:

Post a Comment