Tuesday, June 25, 2019

ပုလဲကွန်ဒို ရောင်းရငွေထဲက ကျပ်သန်းပေါင်း ၂၆၈၆ ကျော် နိုင်ငံတော်ကို ပေးသွင်းရန် လိုအပ်နေ


ပုလဲကွန်ဒိုတိုက်ခန်းရောင်းရငွေထဲက နိုင်ငံတော်ကိုပေးသွင်းဖို့ ကျန်တဲ့ငွေတွေကို ရန်ကုန်မြို့တော်ဝန်နဲ့ စည်ပင်ကော်မတီအဆက်ဆက် လုပ်သင့်လုပ်ထိုက်တာ မလုပ်တာကြောင့် တိုင်းပြည်အတွက် နစ်နာနေတယ်လို့ ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက ပြောပါတယ်။ 
ပုလဲကွန်ဒိုဟာ ရန်ကုန်မြို့မှာ ပထမဆုံးတည်ဆောက်ခဲ့တဲ့ ကွန်ဒိုတိုက်တခုဖြစ်ပြီး စစ်အစိုးရလက်ထက်က ကုမ္ပဏီတခုကို လုပ်ပိုင်ခွင့်ပေးထားခဲ့တာ ဖြစ်ပါတယ်။ 
ပုလဲကွန်ဒိုအဆောက်အဦ တိုက်ခန်းတွေရောင်းချရငွေထဲက နိုင်ငံတော်ကို ကျပ်သန်းပေါင်း ၂၆၈၆ ဒသမ ၇၀၂ သန်းပြန်လည် ပေးသွင်းရမှာပါ။ 
လွှတ်တော်အမတ် ဦးကျော်ဇေယျက “အစိုးရအဆက်ဆက်က ဖြစ်လာတဲ့ဟာကြီးကို တရားရေးက ဆုံးဖြတ်ပြီးသားဟာကြီးကို ဒီမြို့တော်ဝန်တွေ ဆက်ပြီးလုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို အရင်ကော်မတီဝင်တွေတုန်းကလည်း အကောင်အထည်မဖော်ဘူး။ အခု ကော်မတီဝင်တွေကလည်း အပီအပြင် အကောင်အထည် မဖော်ဘူး ဖြစ်နေတယ်”လို့ ဆိုပါတယ်။ 
ပုလဲကွန်ဒိုတိုက်ခန်းတွေနဲ့ပတ်သက်လို့ ကုမ္ပဏီဘက်ကမှန်နေတယ်ဆိုရင်လည်း ပြတ်ပြတ်သားသားလုပ်ဖို့လိုသလို နိုင်ငံတော်ဘက်ကမှန်ရင်လည်း မှန်တဲ့အတိုင်း ပြတ်ပြတ်သားသား လုပ်ဆောင်သင့်တယ်လို့ ဦးကျော်ဇေယျက ထောက်ပြပါတယ်။ 
ပုလဲကွန်ဒိုအဆောက်အဦ တိုက်အမှတ် E တိုက်ခန်းတွေ ရောင်းချရငွေထဲက ကုမ္ပဏီ ဘက်ကနေ နိုင်ငံတော်ကို ပေးသွင်းဖို့ကျန်ငွေဟာ ကျပ်သန်းပေါင်း ၂၆၈၆ ဒသမ ၇၀၂ သန်းရှိပါတယ်။ 
ဒီငွေတွေကို ပြန်လည်ပေးသွင်းဖို့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ကနေ စည်ပင်သာယာရေး ကော်မတီကို တရားစွဲခွင့်ပြုလိုက်တယ်လို့လည်း ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေး ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးပါတယ်။ 
အဲဒီငွေတွေကို နိုင်ငံတော်ကိုပြန်မသွင်းရင် တရားစွဲတော့မှာဖြစ်ပြီး ကော်မတီရဲ့ ကြိုးစားရ ကျိုးနပ်တယ်လို့လည်း ဒေါ်စန္ဒာမင်းကဆိုပါတယ်။ 
ပုလဲကွန်ဒိုတိုက်ခန်းရောင်းရငွေထဲက နိုင်ငံတော်ကိုပေးသွင်းရငွေနဲ့ပတ်သက်လို့ ဆုံးရှုံး နစ်နာနေတဲ့အပေါ် ရန်ကုန်တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက လွှတ်တော်မှာ တင်ပြထားသလို ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လွှတ်တော်မှာ ဆွေးနွေးနေတာပါ။

DVB

0 comments:

Post a Comment