Tuesday, June 25, 2019

ဂျာမနီတွင် စစ်လေယာဉ် ၂ စီး လေထဲတိုက်မိ ပျက်ကျ၊ လေယာဉ်မှူး ၁ ဦး သေဆုံး


ဂျာမနီနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဇွန်လ ၂၄ ရက်က ယူရိုဖိုက်တာ စစ်လေယာဉ်နှစ်စီး လေထဲမှာ တိုက်မိ ပျက်ကျခဲ့လို့ လေယာဉ်မှူးတဦး သေဆုံးတယ်လို့ ဒေသခံရဲကို ကိုးကားပြီး ရုပ်သံ NTV က ကြေညာပါတယ်။ 
လေယာဉ်မှူးနှစ်ဦးလုံးဟာ တွန်းကန်ခုန်ထွက်နိုင်တဲ့ ထိုင်ခုံတွေကို သုံးနိုင်ခဲ့ကြတယ်လို့ ဂျာမန်လေတပ်က တနင်္လာနေ့ အစောပိုင်းမှာ ပြောပါတယ်။ 

လေယာဉ်မှူးတဦးကို ပျက်ကျပြီး မကြာခင်မှာပဲ သစ်ပင်ထိပ်မှာ အသက်ရှင်လျက် တွေ့ခဲ့တယ်လို့ အော့စ်စီဗယ်လာ ရေဒီယိုက ပြောပါတယ်။ 

နောက်လေယာဉ်မှူးတယောက်ကတော့ သေဆုံးခဲ့တယ်လို့ ရဲက NTV ကို ပြောပါတယ်။ 

လေယာဉ်နှစ်စီး လေထဲမှာ ဘာကြောင့်တိုက်မိတယ်ဆိုတာ မသိရသေးပါဘူး။ 

သက်သေအားလုံးကို စုဆောင်းဖို့ ခက်ခဲတဲ့ကိစ္စဖြစ်လို့ လေယာဉ်တွေပျက်ကျခဲ့တဲ့ နေရာတွေကနေ ဝေးဝေးမှာနေဖို့ ပြည်ထဲရေးဝန်ကြီးက ပြည်သူတွေကို တိုက်တွန်းထားပါတယ်။ 

ဒီလေယာဉ်တွေ ပျံတက်လာတဲ့ လာဂါ လေတပ်အခြေစိုက်စခန်းမှာ တပ်စွဲထားတဲ့တပ်ဟာ ဂျာမနီနိုင်ငံက ယူရိုဖိုက်တာ လေယာဉ်တွေကို မောင်းနှင်ပျံသန်းတဲ့ လေယာဉ်မှူးအားလုံးကို သင်တန်းပေးတဲ့ တပ်ရင်း ဖြစ်ပါတယ်။ 

ယူရိုဖိုက်တာ လေယာဉ်တွေ ၂၀၀၄ ခုနှစ် စပျံသန်းကတည်းက အခုတကြိမ်ဟာ ပထမဆုံး ပျက်ကျတာ ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment