Monday, June 3, 2019

မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍအတွက် ယူကေအခြေစိုက် ပြည်ပလူမှုအဖွဲ့အစည်းများမှတစ်ဆင့်၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်အတွင်း ပေါင်စတာလင် ၉၇ သန်း ထောက်ပံ့

ယူကေက မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍအတွက် ယူကေအခြေစိုက် ပြည်ပလူမှုအဖွဲ့အစည်းများမှ တစ်ဆင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ ငါးနှစ်အတွင်း ပေါင်စတာလင် ၉၇ သန်း ဆက်လက်ထောက်ပံ့ထားကြောင်း သိရသည်။ 
ယူကေသည် မြန်မာနိုင်ငံ အတွက် နှစ်ကာလကြာရှည်စွာ ကျန်းမာရေးနှင့်ပတ်သက်၍ အဓိက အလှူရှင်နိုင်ငံ (Major Bilateral Donor) တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံအား ကူညီခဲ့သည့် 3MDG Fund, Global Fund, Gavi, Global Health Security and International Health Regulations, Fleming Fund and Antimicrobial Resistant အစရှိသော ရန်ပုံငွေများတွင် ပါဝင်ကူညီလျက်ရှိကြောင်းနှင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်ကာလအတွင်း Access to Health Fund နှင့် Bringing UK Expertise တို့ အတွက် ပေါင်စတာလင် ၉၇ သန်းကို မြန်မာနိုင်ငံသို့ ဆက်လက်ထောက်ပံ့ ပေးမည်ဖြစ်သည်။ 
“အခုလို ထောက်ပံ့ပေးခြင်းသည် လူတိုင်းလက်လှမ်းမီတဲ့သာ တူညီမျှ ကျန်းမာရေးစောင့်ရှောက် မှုစနစ်ကို မြန်မာနိုင်ငံမှာ ရည်မှန်းထားတဲ့အတိုင်း ဆောင်ရွက်တဲ့အခါ အရည်အသွေးပြည့်ဝပြီး လူတိုင်း လက်လှမ်းမီပြီး လွှမ်းခြုံမှု အားကောင်းသော ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကျန်းမာရေးအတွက် ငွေကြေးစိုက်ထုတ်သုံးစွဲရမှု လျော့နည်းစေဖို့အတွက် ရည်ရွယ်ပါတယ်။ အလားတူ ယူကေနိုင်ငံနဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ ဆေးပညာ အထူးကု ဘာသာရပ်အသီးသီးမှာလည်း သိသာထင်ရှားတဲ့တိုးတက်မှုတွေ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ယူကေ နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍအတွက် ဆက်လက် ပူးပေါင်းပံ့ပိုးပေးသွားမှာပါ” ဟု DFID-Myanmar ၏ Head of Office , Dr.Gail Marzetti က ပြောကြားသည်။ 
လက်ရှိ ယူကေနိုင်ငံ ဆေးနှင့် ဆေးဘက်ဆိုင်ရာတက္ကသိုလ်များသည် မြန်မာနိုင်ငံ၏ ဆေးတက္ကသိုလ်များနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ၁၉၉၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် ပထမခြောက်လအထိ MRCP စာမေးပွဲ ဖြေဆိုအောင်မြင်သူ ၆၂၈ ဦးနှင့် MRCPCH စာမေးပွဲဖြေဆို အောင်မြင်သူ ၁၀၃ ဦး ရှိခဲ့ကြောင်း သိရသည်။ 
ယူကေနိုင်ငံတွင် အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှုစနစ် ဝန်ထမ်းအရေအတွက် ၁ ဒသမ ၇ သန်းခန့်ရှိပြီး ကျန်းမာရေးကဏ္ဍအတွက် နှစ်စဉ်ခွင့်ပြုဘဏ္ဍာငွေ ပေါင်စတာလင် ၁၄၄ ဘီလျံခန့်ရရှိကြောင်း နှင့် မြန်မာနိုင်ငံတွင် ကျန်းမာရေး ဝန်ထမ်းအရေအတွက် ၁ ဒသမ ၁ သိန်းခန့်ရှိပြီး ကျန်းမာရေး ကဏ္ဍအတွက် နှစ်စဉ်ခွင့်ပြုဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ တစ်ဘီလျံ ခန့်ရရှိကြောင်း သိရသည်။ 
မြန်မာနိုင်ငံ၏ကျန်းမာရေး ကဏ္ဍအတွက် ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့က ရန်ပုံငွေများ ပူးပေါင်းထည့်ဝင်ထားသည့် Access to Health Fund ရန်ပုံငွေအဖွဲ့သစ်၏ ထောက်ပံ့မှုများ ယခုနှစ်တွင်စတင်ခဲ့ရာ အဆိုပါရန်ပုံငွေများကို ခက်ခဲဒေသများ၊ ပဋိပက္ခဖြစ်ပွားနေသောဒေသများ နှင့် ထိခိုက်လွယ်သောလူအုပ်စုများကို ဦးတည်၍ လူသားချင်းစာနာမှု အခြေခံဖြင့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများတွင် ထောက်ပံ့ကူညီလျက်ရှိကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment