Monday, June 3, 2019

ကင်ဂျုံအန်းနှင့် ကင်မ်ယောင်ချူးလ်တို့ အနုပညာဖျော်ဖြေပွဲ တက်ရောက်သည့် ဓာတ်ပုံများ ဖြန့်ချိ


မြောက်ကိုရီးယားရဲ့ အကြီးတန်းအရာရှိနဲ့ နျူကလီးယားအရေး ထိပ်တန်းသံတမန်ဟောင်း ကင်မ်ယောင်ချူးလ်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့အတူ အနုပညာဖျော်ဖြေပွဲမှာ တွေ့ရတဲ့ ဓာတ်ပုံတွေကို အစိုးရမီဒီယာ ကေစီအန်အေက ဇွန် ၃ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။ 
ထောက်လှမ်းရေး အကြီးအကဲဟောင်း သက်ရှိထင်ရှားရှိသေးပြီး မြောက်ကိုရီးယားရဲ့ သြဇာဖွဲ့စည်းပုံ ခိုင်မာအားကောင်းဆဲဆိုတာ အချက်ပြလိုက်တာလို့ မီဒီယာတွေက သုံးသပ်ပါတယ်။ 
ကင်ဂျုံအန်းနဲ့ ဇနီး ရိဆိုးဂျူးတို့ဟာ ဇွန် ၂ ရက်က မြောက်ကိုရီးယား စစ်တပ်အရာရှိတွေရဲ့ ဇနီးသည်တွေ ဖျော်ဖြေတဲ့ အပျော်တမ်း အနုပညာပြပွဲကို တက်ရောက်ခဲ့ပါတယ်။ 
သူတို့နဲ့အတူ ကင်မ်ယောင်ချူးလ် အပါအဝင် တခြားထိပ်တန်းအရာရှိတွေလည်း တက်ခဲ့တယ်လို့ ကေစီအန်အေက ပြောပါတယ်။ 
ကင်ဂျုံအန်းရဲ့ ညာလက်ရုံး ကင်မ်ယောင်ချူးလ်ဟာ ဟနွိုင်း ထိပ်သီးညီလာခံ မအောင်မြင်မှု အတွက် အလုပ်သမားနဲ့ ပြန်လည် ပညာပေးရေးစခန်းဆီ ပို့ခံရတယ်လို့ နာမည်မဖော်တဲ့ မြောက်ကိုရီးယား သတင်းရင်းမြစ်ကို ကိုးကားပြီး တောင်ကိုရီးယားသတင်းစာ ချိုဆွန်းအီဘိုက မေ ၃၁ ရက်မှာ အစီရင်ခံခဲ့တာပါ။ 
ကင်မ်ယောင်ချူးလ်ဟာ ဟနွိုင်းထိပ်သီးညီလာခံ မတိုင်ခင်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုနဲ့ တွေ့ဆုံခဲ့ပါတယ်။ 
မြောက်ကိုရီးယားအရေး၊ ကင်မ်ယောင်ချူးလ်နဲ့ ဆက်ဆံရေးအကြောင်း တနင်္ဂနွေနေ့က ပွန်ပီယိုကို မေးမြန်းရာမှာတော့ ဖြေဖို့ ယဉ်ယဉ်ကျေးကျေး ငြင်းပါတယ်။ သီးသန့် အတွင်းရေးအနေနဲ့ ညှိနှိုင်းနေတယ်လို့ ပွန်ပီယိုက ပြောခဲ့ပါတယ်။

DVB

0 comments:

Post a Comment