Monday, June 3, 2019

ပင်စင်စားများအတွက် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဖြင့် ထောက်ပံ့ပေးရန် စီစဉ်နေ


အငြိမ်းစားဝန်ထမ်းတွေအတွက် ပင်စင်ကို လက်ရှိပေးနေတဲ့ပုံစံကနေ အစိုးရနဲ့ ဝန်ထမ်းတွေ ထည့်ဝင်စုဆောင်းထားတဲ့ ရန်ပုံငွေကနေပေးအပ်တဲ့ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ (CPF)  စနစ်ကို ပြောင်းလဲဖို့ စီစဉ်နေတယ်လို့ ပင်စင်ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ 
အစိုးရရဲ့ တတိယတနှစ်တာ သတင်းစာရှင်းလင်းပွဲမှာ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က ပြောကြားခဲ့တာပါ။ 
တနိုင်ငံလုံးမှာ ပင်စင်စား အရေအတွက် ၉ သိန်းလောက်ရှိတာကြောင့် ဘီလီယံ ၁ဝဝဝ ကျော် (ကျပ်သန်းပေါင်း ၁ သန်းကျော်) လောက် သုံးစွဲနေရပြီး ဒါဟာ တနိုင်ငံလုံးက အခွန်ရငွေရဲ့ ၆ ပုံတပုံရှိပြီး အစိုးရ စုစုပေါင်းအသုံးစရိတ်ရဲ့ ၁ဝ ပုံတပုံ ရှိတယ်လို့လည်း ပြောပါတယ်။ 
“ဒီကြီးလေးတဲ့တာဝန်ကို နိုင်ငံတော်အနေနဲ့ ဘယ်လို ပြုပြင်ပြောင်းလဲမလဲပေါ့။ ဒီအပိုင်းတွေကို စဉ်းစားပြီးတော့ ပင်စင်ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို ရေးဆွဲနေပါတယ်။ ဒီလိုမျိုးပြုပြင်ပြောင်းလဲတဲ့အခါမှာ ကျမတို့က Central Provident Fund (ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ) ကို ထူထောင်ပြီးလို့ရှိရင် ဒီရန်ပုံငွေနဲ့ ပင်စင်ပေးဖို့ရာအတွက် ရန်ပုံငွေ အတိုးအပွားနဲ့ ရှာဖွေမယ့် အစီအစဉ်မျိုးပေါ့” လို့ ပြောပါတယ်။ 

ပြောင်းလဲမယ့် စနစ်ကတော့ ဝန်ထမ်းတွေကိုယ်တိုင် လစာထဲက အချိုးကျပမာဏတခုကို စုဆောင်းထည့်ဝင်ရမှာဖြစ်သလို အစိုးရဘက်ကလည်း အဲဒီပမာဏအတိုင်း ထည့်ဝင်ပေးမယ်လို့ ဆိုပါတယ်။ 
လက်ရှိမှာ ပုံစံအမျိုးမျိုး စဉ်းစားနေတာဖြစ်ပြီး စနစ်ဟောင်းအတိုင်း သွားမယ့်အုပ်စုတွေ ရှိသလို အခုစနစ်သစ်ပုံစံနဲ့ သွားမယ့် အုပ်စုတွေလည်း ရှိတယ်လို့ ပြောပါတယ်။ 
ဒေါက်တာဝါဝါမောင်က “စနစ်သစ်အရတော့ Central Provident Law (ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေ) ကို ရေးဆွဲနေပါတယ်။ ဘယ်တော့လောက် ပြီးမလဲဆိုရင်တော့ ဒီအစိုးရ သက်တမ်းအတွင်းမှာပဲ ပြဋ္ဌာန်းနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ အခုအချိန်မှာဆိုရင် First Draft (ပထမမူကြမ်း) ထွက်နေပြီ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ 
အခုစဉ်းစားနေတဲ့ ပုံစံကတော့ လုပ်သက် ၁ဝ နှစ်အောက် ဝန်ထမ်းတွေနဲ့ ဒီဥပဒေ ပြဋ္ဌာန်းပြီးနောက် ထပ်ခန့်သူတွေ အကျုံးဝင်မယ်လို့ ဆိုပါတယ်။ ၁ဝ နှစ်အောက် ဝန်ထမ်းပေါင်း ၄ သိန်းလောက် ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။ 
ဒီရန်ပုံငွေတွေကို စီမံကိန်းတွေ၊ စတော့ရှယ်ယာဈေးကွက်တွေမှာ ထည့်ပြီးတိုးလာအောင် လုပ်ရမယ်လို့လည်း ဒေါက်တာဝါဝါမောင်က ပြောပါတယ်။ 
ဥပမာတခုအနေနဲ့ ဝန်ထမ်းလုပ်သက် ၃၅ နှစ် အလုပ်လုပ်ခဲ့တဲ့သူဟာ ဒုဦးစီးမှူးနဲ့ အလုပ်ဝင်ပြီး ညွှန်ကြားရေးမှူးအဖြစ် ပင်စင်ယူရင် ကျပ်သိန်း ၅ဝဝ ကျော် ရနိုင်မယ်လို့ ဆိုပါတယ်။ 
ပင်စင်ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၂ဝ၁၇- ၁၈ ခုနှစ်မှာ မြို့ပြပင်စင်စား ၄၁၀၀၀၀ ကျော်၊ နိုင်ငံရေး ပင်စင်စား ၅၀၀၀၀ ကျော်၊ ကာကွယ်ရေးပင်စင်စား ၃၀၀၀၀၀ လောက်၊ လုပ်ငန်းပင်ပင်စင်စား ၂၀၀၀၀၀ လောက် ရှိနေပြီး စုစုပေါင်း ၉၄၀၀၀၀ သောင်းလောက် ရှိနေတာပါ။ 
အဲဒီနှစ်မှာပဲ ပင်စင်နဲ့ ဆုကြေးအတွက် စုစုပေါင်း ကျပ်သန်း ၇ သိန်းခွဲလောက် သုံးစွဲခဲ့ရပါတယ်။

DVB

0 comments:

Post a Comment