Tuesday, June 25, 2019

ဦးဝီရသူအမှု တရားလိုပြသက်သေ သုံးဦးကို စစ်ဆေး

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မဖြင့် တရားစွဲဆိုထားသူ ဦးဝီရသူအမှုနှင့်ပတ်သက်၍ တရားလိုပြ သက်သေများဖြစ်သော ရဲတပ်ဖွဲ့ဝင် နှစ်ဦးနှင့် မြို့နယ်ထွေအုပ်ရုံးမှ စာရေးတစ်ဦးကို ယနေ့ ဇွန် ၂၅ ရက်နေ့က အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့သည်။ 
စစ်ဆေးခဲ့သည့် တရားလိုပြ သက်သေများမှာ ကျောက်တံတားမြို့နယ်မှ ဒုရဲအုပ် သီဟလှိုင်၊ မြို့တော်ခန်းမမှ စည်ပင်ရဲ ရဲအုပ် ဇော်နိုင်အောင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးဝေမင်းဖြိုးတို့ဖြစ်သည်။ 

ယနေ့ရုံးချိန်းတွင် လိုပြသက်သေဘက်မှ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဦးဝီရသူ ဟောပြောခဲ့သည့် CCTV မှတ်တမ်းဓာတ်ပုံနှင့် စီဒီခွေကို သက်သေခံပစ္စည်းအဖြစ် တင်သွင်းခဲ့ပြီး တရားသူကြီးက လက်ခံခဲ့သည်။ 

မြို့တော်ခန်းမရှေ့တွင် မေ ၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ဟောပြောပွဲ၌ ပတ်သက်၍ ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်း မရှိသေးသည့် ဦးဝီရသူအမှုအား တရားရုံးမှ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခံရသူ၏ မျက်ကွယ်တွင် စစ်ဆေးနေခြင်းဖြစ်သည်။

The Voice

0 comments:

Post a Comment