Monday, June 3, 2019

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်


၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းလုံးရှိ မူလတန်း၊ အလယ်တန်း၊ အထက် တန်းကျောင်းများကို ဇွန် ၃ရက်က စတင်ဖွင့်လှစ်ခဲ့ရာ ယခုပညာသင်နှစ်တွင် တတိယတန်း(Grade 3) နှင့် ဆဋ္ဌမတန်း (Grade 6) သင်ရိုးသစ်တို့ကို စတင်ပြောင်းလဲသင်ကြားခဲ့ကြောင်း သိရသည်။ 
"သင်ရိုးသစ်ကတော့ ဒါရေးဒါဖတ် မဟုတ်တော့ဘူး။ သူတို့ကိုယ်တိုင်လှုပ်ရှားပြီး ဆောင်ရွက်ရတော့ ပိုမှတ်မိတာပေါ့။ ကလေးဆိုတာ အများကြီးလှုပ်ရှားပြီး ဆောင်ရွက်ရတာဆိုတော့လေ။ စိတ်ပါလက်ပါနဲ့ သူတို့ကိုယ်တိုင်ပဲလုပ်လိုက်၊ သူတို့ကိုယ်တိုင်ပဲ ကိုင်လိုက်ဆိုတော့ ပိုပြီးတော့အဆင်ပြေတာပေါ့။ ကလေးဆိုတော့ ဆော့ရတဲ့ ပုံစံမျိုးလေး။ လှုပ်ရှားမှုနဲ့ပဲ သင်မှာဆိုတော့ အဆင်ပြေပါတယ်။ စနစ်သစ်က ဆရာမတွေအတွက်တော့ နည်း နည်းလေးပိုပြီးပင်ပန်းသွားတယ်ဆိုပေမယ့် ကလေးတွေအတွက်တော့ တော်တော်လေး အဆင်ပြေပါတယ်။ ကျောင်းသားနဲ့ ဆရာမအချိုးညီရင်တော့ ပိုပြီးတော့ အဆင်ပြေတာပေါ့။ စနစ် ဟောင်းတုန်းကတော့ဖတ်စာအုပ်လေးဖွင့်လိုက်၊ သင်လိုက်နဲ့ပေါ့။ အခုစနစ်သစ်ကျတော့ ကလေးတွေအတွက် ကိုယ်ကပိုပြီးကြိုတင်ပြင်ဆင်ခဲ့ရတာပေါ့"ဟု ဗိုလ်တထောင်မြို့နယ်အမှတ်-၆ အခြေခံပညာအထက်တန်းကျောင်းမှဆဋ္ဌမတန်း ပထ၀ီဝင်သင် ဆရာမ ဒေါ်အေးအေးညွန့်က ပြောဆိုသည်။ 
၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် သူငယ်တန်း (KG) သင်ရိုးကို စတင်ပြောင်းလဲဆောင်ရွက်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပထမတန်းသင်ရိုးသစ်ကိုလည်းကောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဒုတိယတန်း သင်ရိုးသစ်ကိုလည်းကောင်း၊ ယခုပညာသင်နှစ်တွင် တတိယတန်းနှင့်ဆဋ္ဌမတန်း သင်ရိုးညွှန်းတမ်းသစ်ကို ပြောင်းလဲ သင်ကြားခဲ့ခြင်း ဖြစ်သည်။ 
တတိယတန်း(Grade 3)သင်ရိုးသစ်တွင်မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံ၊ အနုပညာ၊ (ဂီတ)၊ အနုပညာ(ပန်းချီ)၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘ၀တွက်တာ၊ ကာယပညာစသောဘာသာရပ်များကို သင်ကြားမည်ဖြစ်ပြီး အလယ်တန်းအဆင့် ဆဋ္ဌမတန်း (Grade 6) သင်ရိုးသစ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထ၀ီဝင်၊ သမိုင်း၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘ၀တွက်တာ ကျွမ်းကျင်စရာ၊ကာယပညာ၊ အနုပညာ(ပန်းချီ)နှင့် အနုပညာ (ဂီတ)စသည့် ဘာသာရပ်များ ကို သင်ကြားမည်ဖြစ်ကြောင်းသိရသည်။ 
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်လက်ခံဆောင်ရွက်မှုကို ပြီးခဲ့သည့် မေ ၂၅ ရက်မှ ၃၁ရက်အထိ သက်ဆိုင်ရာကျောင်းအလိုက် ဆောင်ရွက်ခဲ့ပြီး သတ်မှတ်ထားသည့် ဧရိယာဖြစ်သည့် မြို့နယ်၊ကျေးရွာ အတိုင်းသာ ကျောင်းအပ်လက်ခံဆောင်ရွက်ခဲ့ကြောင်း၊ ကျောင်းသားသစ်များ၊ ကျောင်းသားဟောင်းများ စသည်ဖြင့် ကျောင်းအပ်ရက်များကိုခွဲကာ သတ်မှတ်လက်ခံခဲ့ကြောင်း သိရသည်။ 
"ဒီနှစ်ကျောင်းဝင်နှုန်းကတော့ သတ်မှတ်ချက်နယ်မြေအတိုင်းပဲ လက်ခံ လိုက်တော့ KG ၀င်နှုန်းကတော့ နည်းနည်းတော့ လျော့မှာပေါ့။ စည်းကမ်းပိုင်းကတော့ မနှစ်ကလိုပဲ။ မိဘတွေကိုတော့ ကျောင်းလည်း အပ်နေတော့ သုံးရက်လောက် အငယ်တန်းလောက်တော့ ၀င်ခွင့်ပေးဦးမယ်။ အဲဒီနောက်ပိုင်းတော့ မိဘတွေ မ၀င်နဲ့ပေါ့။ ကလေးတွေ အနှောင့်အယှက်ဖြစ်မှာစိုးလို့ပေါ့။ ကျောင်းကတော့ ၈ နာရီတက်တယ်။ ၂ နာရီဆင်းတယ် ။ သူငယ်တန်းက ၁၅မိနစ် စောလွှတ် တယ်။ စည်းကမ်းကတော့ ပုံမှန်စည်းကမ်းပါပဲ။ KG မှာတော့ မနှစ်ကထက်စာရင် သိသိသာသာနည်းသွားတာပေါ့"ဟု ဗိုလ်တထောင်မြို့နယ်အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ဆွေဆွေလှိုင်က ပြောဆိုသည်။ 
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံရာ၌ မူလတန်းအဆင့်အတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တစ် စုံနှင့် ယခင်နှစ်က ပေးအပ်နေသည့် ကျောင်းစိမ်းဝတ်စုံ တစ်စုံအစား ဗလာစာအုပ် ခြောက်အုပ်ကို ထပ်တိုး၍ ဗလာစာအုပ်တစ်ဒါဇင်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ 
အမျိုးသားပညာရေးဥပဒေအရ အခြေခံပညာရေးကို KG+5+4+3 အဖြစ် KG ကို သူငယ်တန်း၊ မူလတန်းအဆင့်ကို ပထမတန်းမှ ပဉ္စမတန်းအထိလည်းကောင်း၊ အလယ်တန်းအဆင့်ကို ဆဋ္ဌမတန်းမှ န၀မတန်းအထိလည်း ကောင်း၊ အထက်တန်းအဆင့်ကို ဒသမတန်းမှ ဒွါဒသမတန်းအထိလည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။ 
သတင်း - အိဟေမာ
The Standard Time Daily 


0 comments:

Post a Comment