Monday, June 3, 2019

တာချီလိတ် နန်းနန်းဘွန်းကျောက်ရွှေဆိုင်(၂)၌ သေနတ်ဖြင့် ခြိမ်းခြောက် အနုကြမ်းစီးလုယက်


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့နယ် မယ်ခေါင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီး ဘေး မဲခေါင်မြစ်ဟိုတယ်အနီးရှိ နန်းနန်းဘွန်း ကျောက်ရွှေဆိုင်(၂)၌ ဆိုင်ကယ်တစ်စီးဖြင့် ၀င်ရောက်လာသည့် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ချိန်ရွယ်ခြိမ်းခြောက်ကာ ရွှေ ၈၀ ကျပ်သားခန့်ကို အနုကြမ်းစီးလုယက်မှုဖြစ်ပွား ခဲ့ကြောင်း တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။ 
ဇွန် ၃ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့် က အခင်းဖြစ်ပွားခဲ့သည့် ရွှေဆိုင်မှာ မတ် ၂၉ ရက်က ဆိုင်ပိုင်ရှင်မိသားစုနှင် ၀န်ထမ်းကို သေနတ်ဖြင့်ချိန်၍ ကြိုးတုပ်ကာ ရွှေထည်၊ စိန်ထည်ပစ္စည်းမျိုးစုံ၊ထိုင်းဘတ်ငွေ၊ လက်ကိုင်ဖုန်းခုနစ်လုံး စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း ၂၉၀၀ ခန့် အနုကြမ်းစီးလုယက်ခံရသည့် နန်းနန်းဘွန်းကျောက်ရွှေဆိုင်၏ ဆိုင်ခွဲလည်းဖြစ်သည်။ 
ဇွန် ၃ ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားပြီး မျက်နှာဖုံးစွပ်အမျိုးသားနှစ်ဦးက ဆိုင်အတွင်းဝင်ရောက်ကာ ရွှေဆိုင်ဝန်ထမ်းကို သေနတ်ဖြင့် ချိန်ပြီး ဆိုင်၌ ချင်းကျင်းပြသထားသည့် ရွှေထည်များ အနက် ရွှေ၈၀ ကျပ်သားခန့်(စိစစ်ဆဲ)ကို လုယက်ယူ ဆောင်သွားခြင်းဖြစ်ကြောင်း အဆိုပါဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

လုယက်ယူဆောင်သွားပြီးနောက် ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသည့်နောက်သို့ ပတ်ဝန်းကျင်ရှိ ဒေသခံတစ်ဦးက လိုက်ရာတွင် သေနတ်ဖြင့်ချိန် သည့်အတွက် ဆက်မလိုက်ရဲခဲ့ကြောင်း ဒေသခံ သတင်းမီဒီယာ ရွှေတြိဂံဒေသ သတင်းလွှာက ရေးသားဖော်ပြထားသည်။ 

သတင်း - တင့်ဇော်ထွန်း
The Standard Time Daily 

0 comments:

Post a Comment