Monday, June 3, 2019

ဖုန်းငွေဖြည့်ကတ် ကံစမ်းမဲပေါက်သည်ဟုဆိုကာ ရွှေထည်လက်ဝတ်ရတနာအတုများ အမြန်ချောဖြင့်ပို့၍ငွေလိမ်သည့် လိမ်နည်းသစ်


ပြည်တွင်းဆက်သွယ်ရေးကုမ္ပဏီတခု၏အမည်ကိုသုံးပြီး ဖုန်းကတ်ကံစမ်းမဲပေါက်သည်ဟုဆိုကာ ရွှေထည်ပစ္စည်းအတုများကို အမြန်ချောဖြင့်ပို့၍ ငွေသားဖြင့်ရွေးယူစေသည့် လိမ်လည်မှုဖြစ်စဉ်တခု နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရသည်။ 
ဖြစ်စဉ်မှာ အဆိုပါရပ်ကွက် ဂန္ဓမာ ၃ လမ်းနေ မစိုးစိုး(အမည်လွှဲ)ထံသို့ ဖုန်း ကတ်ကံစမ်းမဲငွေကျပ် ၁ သိန်းပေါက်သည်ဟုဆိုကာ Brilliant Sunlight Co,.Ltd အမည်ကိုသုံးပြီး ဆက်သွယ်လာကြောင်း၊ ကံစမ်းမဲပေါက်သည့်ပမာဏကို ငွေသားအစား ရွှေထည်ပစ္စည်း ထုတ်ပေးမည်ဖြစ်ကြောင်း၊ ယင်းပစ္စည်းများကို ငွေကျပ် ၉၈,ဝဝဝ ကျပ်ဖြင့် လဲလှယ်ယူရမည်ဖြစ်ကြောင်းပြောသဖြင့် မစိုးစိုးမှ လဲလှယ်ယူမည်ဟုပြောရာ မေ ၂၉ ရက်တွင် ၎င်းထံသို့ အမြန်ချောဖြင့် ပါဆယ်ထုပ်တထုပ်ရောက် လာ၍ဖွင့်ဖောက်ကြည့်ရာ ရွှေထည်လက်ဝတ်ရတနာအတုများဖြစ်နေသည်ကို တွေ့ ရှိရကြောင်း၊ မဲပေါက်သည်ဟု သူမထံသို့ ဆက်သွယ်လာသည့် ဖုန်းနံပါတ်သို့ ပြန်လည်ဆက်သွယ်ရာ ရန်ကုန်မြို့ လှိုင်မြို့နယ်နေသူတဦးဖြစ်နေကြောင်းသိရသဖြင့် သက်ဆိုင်ရာရဲစခန်းသို့ သတင်းပို့တိုင်ကြားခဲ့သည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်၍မရကြောင်း၊ ပစ္စည်းလာပို့သူမှာ တဆင့်ခံသာဖြစ်ကြောင်း၊ သို့ရာတွင် ထိုကဲ့သို့ အလားတူဖြစ်စဉ်များ မကြာခဏဖြစ်နေသည့်အတွက် အများပြည်သူအနေဖြင့် သတိထားရန်လိုအပ်ကြောင်း ဇမ္ဗူသီရိမြို့ နယ် အမှတ် ၁ မြို့မရဲစခန်းတာဝန်ရှိသူတဦးက ပြောသည်။ 

''ဒီလိုမျိုး ဖုန်းကံစမ်းမဲတွေပေါက်တယ်။ ငွေဘယ်လောက်ပေးမယ်။ ပစ္စည်းပို့ပေးမယ်ဆိုတဲ့ဖြစ်စဉ်တွေ အများကြီးဖြစ် နေပါတယ်။ ပြည်သူတွေ သတိထားရအောင်လို့ မီဒီယာမှတဆင့် အသိပေးချင် ပါတယ်''ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။ 

အဆိုပါဖြစ်စဉ်တွင် မစိုးစိုးအနေဖြင့် ရွှေထည်အတုများဖြစ်သည်ကိုသိရှိခဲ့ခြင်း ကြောင့် ငွေသားတစုံတရာ မဆုံးရှုံးခဲ့ကြောင်းလည်း သိရသည်။ 

ထွန်း(နေပြည်တော်)
News Watch 

0 comments:

Post a Comment