Wednesday, June 26, 2019

သတင်းအချက်အလက် ရယူပိုင်ခွင့်နှင့်ပတ်သက်၍ မီဒီယာများ လတ်တလော ခြိမ်းခြောက်ခံနေရဟုဆို


သတင်းအချက်အလက်ရပိုင်ခွင့်နှင့် ပတ်သက်၍ မီဒီယာများအနေဖြင့် အခက်အခဲများစွာရှိ၍ ခြိမ်းခြောက် ခံနေရသည့် အခြေအနေဖြစ်နေကြောင်း Myanmar Institute For Democracy Executive Director ဦးရဲထွဋ်က ပြောဆိုသည်။ 
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ City ဟိုတယ်တွင် ဇွန်၂၅ ရက် မွန်းလွဲပိုင်း၌ ကျင်းပသော သတင်းအချက်အလက် ရယူပိုင်ခွင့်နှင့်မီဒီယာမှ သတင်းအချက်အလက်ပိုင်းဆိုင်ရာ ရယူခြင်း သဘောသဘာဝအခြေအနေ အလုပ်ရုံဆွေး နွေးပွဲတွင် ၎င်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

“အခုလတ်တလောအခြေအနေအရ ကျွန်တော်တို့နိုင်ငံရဲ့ မီဒီယာလွတ်လပ်မှုကခြိမ်းခြောက်ခံနေရတဲ့ အခြေအနေရှိနေပါတယ်။ ဒီမိုကရေစီမှာ မီဒီယာခြိမ်းခြောက်ခံရတယ်ဆိုတာက ဒီမိုကရေစီကို ခြိမ်းခြောက်တာနဲ့အတူတူပါပဲ။ မီဒီယာဆိုတာက မီဒီယာသမားနဲ့တင်ဆိုင်တယ် မဟုတ်ပါဘူး။ မီဒီယာဆိုတာက တိုင်းပြည်မှာရှိတဲ့ လူတိုင်းလူတိုင်း၊အသက်ရှူတဲ့ လူတိုင်းနဲ့ဆိုင်နေတာ။ အဲဒီတော့ မီဒီယာကို ခြိမ်းခြောက်တယ်ဆိုတာက တိုင်းပြည်ကိုခြိမ်းခြောက်တာနဲ့ ပြည်သူလူထုကိုခြိမ်းခြောက်တာ အတူတူပါပဲ။ ပြည်သူလူထုရဲ့ရပိုင်ခွင့်၊ သိပိုင်ခွင့်ကိုခြိမ်းခြောက်တာနဲ့အတူတူပါပဲ″ဟု ဦးရဲထွဋ်က ပြောဆိုသည်။ 

သတင်းအချက်အလက်ရပိုင်ခွင့်(Right to Information) နှင့်ပတ်သက်၍ ဥပဒေပေါ်ပေါက်လာရန်အတွက် ကြန့်ကြာလျက်ရှိပြီး အရပ်ဘက်အဖွဲ့အစည်းများနှင့်သတင်းမီဒီယာများအနေဖြင့် ဥပဒေအမြန်ဆုံးအတည်ပြုနိုင်ရန် လိုလားလျက်ရှိကြောင်း၎င်းက ပြောဆိုသည်။ 

“သတင်းအချက်အလက် ရပိုင်ခွင့်က မီဒီယာသမား တင်သက်သက် မဟုတ်ဘူး။မီဒီယာသမားလည်းပါတယ်။ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်ပါတယ်။သတင်းအချက်အလက်ရယူခွင့်ဆိုင်ရာဥပဒေကြမ်းအတွက် ဦးသိန်းစိန်အစိုးရ လက်ထက်ထဲက ပြင်ဆင်ကြတာရှိပါ တယ်။ လွှတ်တော်ကော်မတီရယ်၊ သက်ဆိုင်ရာဝန်ကြီးဌာနရယ်၊ အရပ်ဘက်အဖွဲ့အစည်းတွေရယ်၊ သို့သော် အခုအချိန်အထိတော့ ဥပဒေကြမ်းအဖြစ် လွှတ်တော်ကို အခုအထိ ရောက်မလာသေးပါဘူး။ လတ်တလောမှာတော့ ကြန့်ကြာနေတဲ့ သဘောရှိတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းအချို့က သတင်း အချက်အလက်ရယူပိုင်ခွင့် ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး အသိအမြင် ဗဟုသုတ၊ နောက်ဒီဟာဘာလို့လိုလဲဆိုတာ ဆွေးနွေးတာ၊ ပညာပေးတာတွေရှိပါတယ်″ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး (၁)ဦးမြင့်ကျော်က ပြောဆိုသည်။ 

သတင်းသမားများအား ပြင်းထန်သည့် ဥပဒေများဖြင့် အရေးယူသည့် ဖြစ်စဉ်များမှ ရှောင်လွဲနိုင်ရန်အတွက် သတင်းအချက်အလက်သိပိုင်ခွင့် ဥပဒေကြမ်းအား အမြန်ဆုံးအတည်ပြုနိုင်ရေး သတင်းမီဒီယာအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်း များက လိုလားလျက်ရှိကြောင်း Myanmar Institute For Democracy Executive မှ သိရသည်။ 

သတင်း – ဝေယံဟိန်း
The Standard Time Daily 

0 comments:

Post a Comment