Wednesday, June 26, 2019

ပြည်ခိုင်ဖြိုးအနိုင်ရခဲ့သည့် ရှမ်းပြည်အရှေ့ပိုင်းနေရာများကို SNLD က ၂၀၂၀ တွင် အနိုင်ရအောင် ကြိုးပမ်းမည်


၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းနေရာများ၌ ပြည်ခိုင်ဖြိုးပါတီမှ အများစု အနိုင်ရရှိခဲ့သည့်အတွက် လာမည့် ၂၀၂၀ တွင် အဆိုပါနေရာများတွင် SNLD က အနိုင်ရရှိရေးအတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း ယင်းပါတီအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားလိုက်သည်။ 
ဇွန် ၂၅ရက်၊ ရန်ကုန်မြို့ရှိ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်တွင်ကျင်းပသည့် ၂၀၂၀ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ 
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၂၀ တွင် ရှမ်းပြည်နယ်၌ လွှတ်တော်ကိုယ်စားလှယ်နေရာ များများရနိုင်ရန် အလား အလာကောင်းများရှိနေပြီး၎င်းတို့အနိုင်ရရှိသည့် ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်အတွင်း ဒီမိုကရက်တစ်အင်အားစုဖက်မှ ရပ်တည်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ 
“ဒီမိုကရက်တစ်ကို အားပေးတဲ့ပါတီဖြစ်တယ်။ ဒီမိုကရက်ဘက်ကို ယိမ်းယိုင်တယ်။ ရပ်တည်တယ်။ ဒီမိုကရက်တစ်နဲ့ ဆန့်ကျင်တဲ့ ပါတီတွေကိုတော့ ဘာမှ ထည့်ပြီးစဉ်းစားနေမှာ မဟုတ်ပါဘူး” ဟု ၎င်းကပြောသည်။ 
SNLD အနေဖြင့် လူမျိုးအခြေပြုသောပါတီမှ ပြည်နယ်ကိုအခြေပြုသော၊ မူဝါဒကို အခြေပြုသောပါတီအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ညီလာခံတွင် ဆုံးဖြတ်ခဲ့ကာ ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အပြင် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် အခြားသော နေရာများတွင်ပါ ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ 
နဒီ
Isee Media 

0 comments:

Post a Comment