Wednesday, June 26, 2019

ဦးဝီရသူအား နိုင်ငံတော်က တရားလိုပြုလုပ်စွဲဆိုရမည့် ဥပဒေပုဒ်မနှင့် သက်ဆိုင်နေသဖြင့် တရားရုံးက စစ်ဆေးဆုံးဖြတ် ဆောင်ရွက်မှု ပြီးပြတ်မှသာ သံဃဝိနိစ္ဆယအဖွဲ့က ဆက်လက်ဆောင်ရွက်မည်ဟု ထုတ်ပြန်


ဦးဝီရသူအား နိုင်ငံတော်က တရားလိုပြုလုပ် တရားစွဲဆိုမည့် ပုဒ်မနှင့် သက်ဆိုင်နေသဖြင့် တရားရုံးက စစ်ဆေးဆုံးဖြတ် ဆောင်ရွက်မှု ပြီးမှသာ သံဃဝိနိစ္ဆယအဖွဲ့က ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဇွန် ၂၆ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။ 
အဆိုပါ ထုတ်ပြန်ချက်တွင် အချက်ကိုးချက်ပါရှိပြီး ဦးဝီရသူအား ရန်ကုန်မြို့တွင် ပြုလုပ်သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့် ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးလူထု ဆန္ဒဖော်ထုတ်ပွဲတွင် ပါ ဝင်ခဲ့မှုနှင့် ပတ်သက်၍ နောင်တွင် ထိုကဲ့သို့ မပါဝင်ရန် မေ ၃၀ ရက်တွင် သြဝါဒပေးပွဲ အခမ်းအနား ပြုလုပ်မည်ဖြစ်၍ ကြွရောက်နိုင်ပါရန် ပင့်လျှောက် ကြောင်း၊ ထို့နောက် မေ ၃၁ ရက်တွင် ဦးဝီသူက ဆရာတော်ကြီးများ၏ ရှေ့မှောက်၌ ဓမ္မစက်ဖြင့် အရေးယူခြင်းကို ကျော်လွန်၍ ဓမ္မစက်ကို ကျော်လွန်သည့် အာဏာစက်ဖြင့် မည်သည့်အရေးယူမှုကိုမျှ လက်ခံလိမ့်မည် မဟုတ်ဟု ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ထံ လျှောက်ထားရာ တိုင်းသံဃနာယက အဖွဲ့က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ထံသို့ ဦးဝီရသူ၏ တင်ပြစာမိတ္တူ ပူးတွဲ၍ တင်ပြလျှောက်ထားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 
ထို့ကြောင့် အထက်ပါကိစ္စနှင့် ပတ်သက်၍ ဇွန် ၁၉ ရက် က ကျင်းပသည့် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ) ၏ပထမအကြိမ် ဒသမအစည်းအဝေးက ပြစ်မှုကျူးလွန်သော ရဟန်းသာမဏေများကို ၀ိနည်းတရားတော်ဖြင့် အရေးယူခြင်း ညွှန်ကြားလွှာ အမှတ်(၁၅)နှင့်အညီ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။ 
ညွှန်ကြားလွှာ အမှတ် (၁၅) တွင်ပြစ်မှု ဆိုင်ရာ ဥပဒေတစ်စုံ တစ်ရာကျူးလွန်သော ရဟန်းသာမဏေများအား ရှေးဦးစွာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မအရ ပြစ်ဒဏ် ချမှတ်ခြင်း ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ပြည်သူ့တရားရုံး၏ ဆုံးဖြတ်ချက်ကို ရရှိပြီးမှသာလျှင် သက်ဆိုင်ရာ သံဃနာယက အဖွဲ့က ၀ိနည်းတရားတော်နှင့်အညီ လိုအပ်သလို စစ်ဆေးဆုံးဖြတ်ပေးရန်၊ ယင်းကိစ္စကို မြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ် သံဃနာယကအဖွဲ့ အသီးသီးသည် ၀ိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ အခန်း (၄)၊ အပိုဒ် (၂၁) အရ ဆက်လက် ဆောင်ရွက်ကြရန် ပါရှိကြောင်း သိရသည်။ 
အခန်း (၄)၊ အပိုဒ် (၂၁) (ခ) တွင် နိုင်ငံတော်က တရားလိုပြုလုပ်စွဲ ဆိုရမည့် ဥပဒေပုဒ်မ တစ်ခုခုနှင့် သက်ဆိုင်နေပါက တရားရုံးများ၌ စစ်ဆေးဆုံးဖြတ် ဆောင်ရွက်မှု ပြီးပြတ်မှသာ ဤလုပ်ထုံးလုပ်နည်းအရ ဖွဲ့စည်း သည့် သံဃဝိနိစ္ဆယအဖွဲ့ဖြင့် စစ်ဆေး ဆုံးဖြတ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 
ထို့ပြင် ၀ိနိစ္ဆယလက်စွဲ အပိုဒ် (၇၂) တွင် နိုင်ငံတော်က တရားလိုပြုလုပ် စွဲဆိုရမည့် ဥပဒေပုဒ်မ တစ်ခုခုနှင့် သက်ဆိုင်နေပါက တရားရုံးများ၌ စစ်ဆေးဆုံးဖြတ် ဆောင်ရွက်မှု ပြီးပြတ်မှသာ လုပ်ထုံးလုပ်နည်းအရ ဖွဲ့စည်းသည့် သံဃဝိနိစ္ဆယအဖွဲ့ဖြင့် စစ်ဆေးဆုံးဖြတ်ရမည် ဖြစ်ကြောင်း၊ ၀ိနိစ္ဆယလက်စွဲအပိုဒ် (၇၄) တွင်လည်း ပြစ်မှုဆိုင်ရာ ဥပဒေ တစ်စုံတစ်ရာကို ကျူးလွန်သော ရဟန်းသာမဏေများအား ရှေးဦးစွာ ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူ ဆောင်ရွက်ပြီးနောက် အပြစ်ဒဏ် ချမှတ်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ တရားရုံး၏ ဆုံးဖြတ်ချက်ကို ရရှိပြီးမှသာလျှင် သက်ဆိုင်ရာ သံဃနာယကအဖွဲ့က ၀ိနည်းတရားတော်နှင့်အညီ လိုအပ်သလို လက်ခံစစ်ဆေး ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 
ထို့ကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခြင်း ခံထားရသော ဦးဝီရသူကိစ္စ ဆောင်ရွက်ရာတွင် ပြစ်မှုကျူးလွန်သော ရဟန်းသာမဏေများနှင့် ပတ်သက်၍ ညွှန်ကြားထားသော အထက်ပါ ညွှန်ကြားလွှာအမှတ် (၁၅)၊ ၀ိနည်း ဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ၀ိနိစ္ဆယ လက်စွဲများနှင့်အညီ သက်ဆိုင်ရာ သံဃနာယက အဖွဲ့က ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

Eleven Media Group

0 comments:

Post a Comment