Sunday, June 2, 2019

မူဆယ်တွင် ခြိမ်းခြောက်စာပို့ ငွေတောင်းသည့် အမျိုးသမီးတစ်ဦးဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ခြိမ်းခြောက်စာပေးပို့ပြီး ငွေတောင်းခံသူ အမျိုးသမီးတစ်ဦးကို ဇွန်လ ၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ 
“သိန်းနီမြို့နဲ့ မူဆယ်ရဲတပ်ဖွဲ့ ရဲသတင်းတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးရမိလိုက်တာပါ။ သိန်းနီမြို့မှာရှိတဲ့ မစိန်ညွန့်ကုန်စုံဆိုင်နဲ့ ရွှေမိုင်းပါးကုန်စုံဆိုင်ကို ခြိမ်းခြောက်စာပို့ပြီး ငွေတောင်းသူကို မူဆယ်မြို့မှာဖမ်းမိတာ”ဟု ဖမ်းဆီးမှုတွင်ပါဝင်ခဲ့သည့် ရဲအရာရှိတစ်ဦးက ပြောဆိုသည်။ 

ရွှေမိုင်းပါးကုန်စုံဆိုင်သို့ ဇွန်လ ၁ ရက်နေ့က နံနက် ၁၁ နာရီခွဲခန့်က ခြိမ်းခြောက်စာပေးပို့ခံခဲ့ရပြီးနောက် ယင်းဆိုင်ပိုင်ရှင်သည် ကျပ် ၂ သိန်းပါ ပါဆယ်ထုပ်ကို မူဆယ်မြို့ရှိ နမ့်ခေးမောဝ်တည်းခိုခန်းသို့ ဦးအေးအေးအမည်ထံသို့ ပို့ပေးခဲ့ရကြောင်း၊ ယင်းနောက် ဇွန်လ ၁ ရက် ညနေ ၂ နာရီခွဲခန့်တွင် ယင်းတည်းခိုခန်းရှိ ပါဆယ်ထုတ်ကို မနန်းမိုးမိုးအေးဆိုသူက လာရောက်ထုတ်ယူစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ 

၎င်း၏ ခြိမ်းခြောက်စာတွင် တောင်းခံသည့်ငွေကို မပေးပါက နောက်တစ်ကြိမ်တွေ့ဆုံစဉ် ကံဆိုးပြီး သိန်းနီမြို့တွင် နာမည်ကြီးထင်းရှားသည့် အကြောင်းအရာဖြစ်လာနိုင်သည်ဟု ရေးသားပြီး ကုန်စုံဆိုင်များသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း မူဆယ်မြို့မရဲစခန်းထံမှ သိရသည်။ 

ခြိမ်းခြောက်စာပေးပို့ ငွေတောင်းခံသူ နန်းမိုးမိုးအေး (၃၅ နှစ်) မှာ သိန်းနီမြို့တွင် နေထိုင်သူဖြစ်ပြီး အသေးစိတ်အချက်အလက်များကို စစ်ဆေးနေဆဲဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်၊ နမ့်ခမ်း၊ ကျောက်မဲနှင့် သိန်းနီမြို့များရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် မော်တော်ယာဉ်ပိုင်ရှင်များထံမှ ခြိမ်းခြောက်ငွေကြေးတောင်းခံမှုများ မကြာခဏဖြစ်ပေါ်နေကြောင်း ယင်းပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

0 comments:

Post a Comment