Sunday, June 2, 2019

မန္တလေးမြို့၌ ဖြစ်ပွားနေသည့် မှုခင်းဖြစ်စဉ်များနှင့် ပတ်သက်၍ အသွင်ယူဖမ်းဆီးရန် ရဲတပ်ဖွဲ့ဝင်များအား စေခိုင်းထားပြီး လိုအပ်ပါက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရန် မန္တလေးတိုင်းရဲမှူးချုပ် အမိန့်ပေးထား


မန္တလေးမြို့၌ ဖြစ်ပွားနေသည့် မှုခင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ အသွင်ယူဖမ်းဆီးရန် ရဲတပ်ဖွဲ့ဝင်များအား စေခိုင်းထားသည့်အပြင် လိုအပ်ပါက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရန် မန္တလေးတိုင်းဒေသကြီး ရဲမှူးချုပ် စိန်လွင်က တပ်ဖွဲ့ဝင်များကို အမိန့်ပေးထားကြောင်း သိရသည်။ 
မေ ၃၁ ရက်က မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင်ပြုလုပ်ခဲ့သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံရာ၌ မန္တလေးမြို့ လုံခြုံရေးနှင့် မှုခင်းကျဆင်းရေး အခြေအနေများနှင့် ပတ်သက်၍ ရဲမှူးချုပ်စိန်လွင်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပစ်ခတ်ဖမ်းဆီးနိုင်ရန်အတွက် အသွင်ယူ ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များကို လက်နက်များ ထုတ်ပေးထားကြောင်း သိရသည်။ 
“မန္တလေးမြို့မှာ ဖြစ်ပွားနေတဲ့ ဓားခုတ်လုယက်မှု၊ ဓားကိုင်ရမ်းကားမှု စတဲ့ မှုခင်းဖြစ်စဉ်တွေကို ကြည့်လိုက်ရင် စားဝတ်နေရေးအရ အဆင်မပြေလို့ ငွေလိုတာကြောင့် လုတဲ့သူတွေ၊ တချို့ အလုပ်လုပ်တယ် ငွေလိုတာကြောင့် ဆိုင်ကယ်တို့ ဖုန်းတို့ လုသွားတယ်။ ဒီလိုလုယက်သူတွေက စားဝတ်နေရေး အဆင်မပြေလို့ လုယက်တဲ့ အဖွဲ့တွေဖြစ်တယ်။ နောက်တစ်ဖွဲ့ကတော့ မန္တလေးမြို့မှာ အခြားနယ်ကနေ ကျောင်းလာတက်ကြတဲ့ ကလေးတွေရှိတယ်။ သူတို့က မူးယစ်ဆေးဝါးတွေ သုံးစွဲပြီးတော့ စိတ်ကလွတ်သွားပြီး အန္တရာယ်ရှိလောက်တဲ့ လက်နက်နဲ့ ရမ်းကားတာရှိတယ်။ နောက်တစ်ဖွဲ့ကတော့ လူမိုက်ဂိုဏ်း အချို့လည်း ရှိသေးတယ်။ အချို့နေရာတွေမှာဆို နယ်မြေကို အပိုင်စားတဲ့ ဂိုဏ်းတွေဖွဲ့ပြီးတော့ ငါ့နယ်ထဲလာမကျယ်နဲ့ ခုတ်ပစ်လိုက်မယ်ဆိုတဲ့ သဘာဝတွေရှိတယ်။ ဒီလိုဖြစ်စဉ်တွေကြောင့် ရိုးရိုးသားသား နေထိုင်တဲ့ ပြည်သူလူထုကလည်း ငါ့ကိုရန်ပြုလာရင် ခုခံနိုင်ဖို့ဆိုပြီး တုတ်တို့၊ ဓားတို့၊ ယူဆောင်တဲ့ အလေ့အထကလည်း ဒီမြို့မှာ ဖြစ်နေတယ်။ ဒီလိုဓားကိုင်တဲ့ အလေ့အထတွေ၊ လူမိုက်အလေ့အထတွေကြောင့် ဒါတွေကိုသုံးသပ်ပြီး ဒီအတိုင်း ဆက်သွားလို့ကတော့ မတည်ငြိမ်နိုင်ဘူး။ အဲဒီတော့ အသွင်ယူပြီးတော့ သွားတဲ့အခါမှာ သေနတ်တွေ ထုတ်သွား။ အတတ်နိုင်ဆုံး မသေအောင်ပစ်။ ကိုယ့်ကိုပြန်ပြီးတော့ ရန်ပြန်ပြုလာရင် ကိုယ်ဟာရဲဖြစ်တယ် ဆိုတဲ့အကြောင်းပြော။ ကိုယ့်ကို ရဲမှန်းသိသိနဲ့ ထပ်ပြီးရန်ပြုနေမယ်၊ လက်နက်မချဘူးဆိုရင် လိုအပ်သလို အောက်ပိုင်းကိုပစ်။ ဒါကတော့ ထိန်းချုပ်ပေါ့နော်။ ဒီလိုလုပ်မယ်ဆိုတဲ့ အစီအစဉ်ကိုလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဝန်ကြီးချုပ်ကြီးကို ဒီလိုဆောင်ရွက်သွားပါတော့မယ် ဆိုတာ အသိပေး တင်ပြခဲ့ပါတယ်။ ဒီလိုအစီအစဉ်က မေ ၅ ရက်နေ့ကနေ ယခုအထိ လုပ်နေပါတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေလည်း နေ့တိုင်း နားရက်မရှိဆောင် ရွက်နေရတာ ဖြစ်ပါတယ်။ အခြားနယ်မြေက ရဲတပ်ဖွဲ့ဝင်တွေပါ အင်အားထပ်ဖြည့်ပြီးတော့ အင်အားများများနဲ့ မန္တလေးခရိုင် ခြောက်မြို့ နယ်တွင်းမှာ လှည့်လည် ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်က ပြောကြားသည်။ 
မန္တလေးမြို့တွင် ဖြစ်ပွားနေသည့် မှုခင်းဖြစ်စဉ်များမှာ ဓားကိုင်လုယက်ခြင်း၊ ဓားကိုင်ရမ်းကားခြင်း၊ လေးခွများဖြင့် လိုက်လံပစ်ခတ်ခြင်း၊ လုယက်ခိုးယူခြင်းများ မကြာခဏ ဖြစ်ပွားနေသဖြင့် ရဲတပ်ဖွဲ့က ညပိုင်းအချိန်နှင့် နံနက်ပိုင်း အချိန်များတွင် ပိတ်ဆို့ရှာဖွေ ဖမ်းဆီးပြီး လုံခြုံရေး ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ လုံခြုံရေး ဆောင်ရွက်နေသော်လည်း ရဲတပ်ဖွဲ့ လုံခြုံရေးအင်အားလစ်လပ်နေသည့် နေရာများတွင် ဓားခုတ်လုယက်မှုများ၊ ဓားကိုင်ရမ်းကားမှုများ စသည့်မှုခင်းဖြစ်စဉ်များ ဆက်လက် ဖြစ်ပွားနေသဖြင့် မေ ၁ ရက်က စတင်ကာ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတာဝန်ဖြင့် ရောက်ရှိလာခဲ့သည့် ရဲမှူးချုပ်စိန်လွင်က အဆိုပါ မှုခင်းဖြစ်စဉ်များ လျော့နည်းပပျောက်စေရန် ရဲတပ်ဖွဲ့ဝင်များကို အရပ်ဝတ်များဖြင့် အသွင်ယူစေပြီး သေနတ်များ ထုတ်ပေးကာ လိုအပ်ပါက ပစ်ခတ်ဖမ်းဆီးရန် အမိန့်ပေး ညွှန်ကြားခဲ့ကြောင်း သိရသည်။ 
ထိုသို့ ရဲတပ်ဖွဲ့ဝင်များက အသွင်ယူဖမ်းဆီးခြင်း၊ လိုအပ်ပါက ပစ်ခတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ မေလတစ်လ အတွင်း၌ပင် အဆိုပါ ပစ်ခတ်ဖမ်းဆီးရေး စီမံချက်ကြောင့် ခိုးမှု၊ လုယက်မှု၊ လက်နက်ကိုင်ဆောင်မှု၊ ယစ်မျိုးမှု၊ ပြည့်တန်ဆာမှု၊ လောင်းကစားမှု၊ တာဝန်ဝတ္တရား နှောင့်ယှက်မှု အစရှိသဖြင့် အမှုပေါင်း ၂၅၄ မှု ဖမ်းဆီးရမိခဲ့ပြီး ကျား ၃၁၀၊ မ ၂၁ ဦး စုစုပေါင်း ၃၃၁ ဦးတို့ကို အမှုဖွင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူရုံးက သတင်းထုတ်ပြန်ထားသည်။ 

Eleven Media Group

0 comments:

Post a Comment