Wednesday, June 26, 2019

GAP အသိအမှတ်ပြုလက်မှတ် အွန်လိုင်းမှစထုတ်ပေးနိုင်ရန် စီစဉ်

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြစ်သည့် (GAP ) သတင်းအချက်အလက် ဖြန့်ဝေခြင်းနှင့် စိုက်ပျိုးထုတ်လုပ်သူများက GAP အသိအမှတ်ပြုလက်မှတ် လျှောက်လွှာတင်ခြင်းနှင့် လက်မှတ်ထုတ်ပေးခြင်းဆိုင်ရာ လုပ်ငန်းများကို အွန်လိုင်းမှတစ်ဆင့် စတင်အကောင်အထည်ဖော်ရန် ပြင်ဆင်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ညွှန်ကြားရေးမှူး ဦးသူရစိုးက ပြောကြားသည်။ 
တောင်သူများ အပါအဝင် စိုက်ပျိုးထုတ်လုပ်သူများအနေနှင့် အဆင့်မြင့်စိုက်ပျိုးနည်းပညာများကို သိရှိရန်နှင့် မည်သည့်နည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ထားကြောင်း တရားဝင်အသိအမှတ်ပြု လက်မှတ်ရရှိရန်လည်း လိုအပ်သည့်အတွက် လွယ်ကူစွာ လေ့လာနိုင်ရန်နှင့် အသိအမှတ်ပြုလက်မှတ် လျှောက်ထားရယူရာတွင် ကြန့်ကြာမှုမဖြစ်ပေါ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲထံမှ သိရသည်။ 
GAP လုပ်ငန်းစဉ်များကို သတင်းအချက်အလက် နည်းပညာဆိုင်ရာစနစ် (ဝက်ဘ်ဆိုက်၊ မိုဘိုင်းအက်ပလီကေးရှင်းနှင့် Web server/Admin Panel) များကိုအသုံးပြု၍ နေပြည်တော် ပြည်ထောင်စု နယ်မြေနှင့် တိုင်းဒေသကြီး ပြည်နယ်များရှိ သက်ဆိုင်ရာဒေသများမှ GAP အသိအမှတ်ပြုလက်မှတ်လျှောက်ထားမှု၊ အကဲဖြတ်မှု၊ မှန်ကန်ကြောင်းအတည်ပြုမှုနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးမှုစသည့် လုပ်ငန်းစဉ်များကို တစ်ပြိုင်နက်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။ 
“GAP လုပ်ငန်းစဉ်ကို အွန်လိုင်းကနေ ဆောင်ရွက်နိုင်မယ်ဆိုရင် အချိန်ကုန် လူပင်ပန်းတာ အရမ်းသက်သာသွားမယ်။ ဘာတွေပြင်ဆင်ရမယ်ဆိုတာကိုလည်း သိရတော့ ပိုအဆင်ပြေတာပေါ့”ဟု စိုက်ပျိုး ရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။ 
ထို့ပြင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ GAP နည်းပညာ ကော်မတီဝင်များနှင့် ဝက်ဘ်ဆိုက်မှတစ်ဆင့် GAP အသိအမှတ်ပြုလျှောက်လွှာတင်သွင်းမှုများကို လက်ခံဆောင်ရွက်မည့် ဝန်ထမ်းများအား အသုံးပြုပုံနည်းလမ်းများကို သင်တန်းဖွင့်လှစ်ပို့ချသွားရန် ဆောင်ရွက်လျက်ရှိပြီး လိုအပ်ပါက နောက်ကြောင်းပြန်သုံးသပ်မှုများ ဆောင်ရွက်နိုင်မည့် သတင်းအချက်အလက်များ ထိန်းသိမ်းစီမံခန့်ခွဲခြင်းလုပ်ငန်းများ အလွယ်တကူဆောင်ရွက်နိုင်ရန်လည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲထံမှ သိရသည်။ 
GAP အသိအမှတ်ပြုလက်မှတ် ရရှိပြီးသည့် စိုက်ပျိုးထုတ်လုပ်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု အချက်အလက်များနှင့် GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးသည့်စနစ်ကို အသုံးပြုထားသည့် QR Code စနစ်တို့ကို ချိတ်ဆက်ထား မည်ဖြစ်သည့်အတွက် GAP ထုတ်ကုန်များအပေါ် နောက်ကြောင်းပြန်စစ်ဆေးရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ဦးသူရစိုးကဆိုသည်။

The Voice

0 comments:

Post a Comment