Friday, January 19, 2018

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သစ် ဦးလှမိုးအောင်နှင့် တွေ့ဆုံခြင်း


“ပွတ်တိုက်မှုက မအောင်မြင်နိုင်ပါဘူး၊ ကျွန်တော်က ပွတ်တိုက်မှုထက် ပူးပေါင်းမှုကို ပိုလိုလားပါတယ်”

နိုင်ငံတော်သမ္မတက ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ဦးလှမိုးအောင်ကို အမည်စာရင်း တင်သွင်းခဲ့ရာ ဇန်နဝါရီလ ၁၈ ရက်က ဧရာဝတီတိုင်း လွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်သူမရှိ၍ အတည်ပြုခန့်အပ်ခဲ့သည်။ ယင်းသို့ ခန့်အပ်ခံရသည်နှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သစ် ဦးလှမိုးအောင်ကို The Voice မှ တွေ့ဆုံမေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
Voice : ဧရာဝတီတိုင်းဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်ရတော့မှာဆိုတော့ ဘာတွေကို အဓိက ဦးစားပေးလုပ်သွားမလဲ ခင်ဗျာ။

UHMA : ဧရာဝတီတိုင်းက စိုက်ပျိုးရေးကို အခြေခံတဲ့တိုင်းဖြစ်တယ်၊ ရေခံမြေခံကောင်းတွေရှိတယ်။ တိုင်းရဲ့ စီးပွားရေးတိုးတက်အောင် အလွယ်ကူဆုံးနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးဖို့က ဖြစ်နိုင်မယ့်လမ်းကို ရှာလိုက်ရင် စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ပေးဖို့ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ လိုနေတယ်၊ လုပ်ပေးမယ်ပေါ့။ အဓိကကတော့ လယ်ယာစိုက်ပျိုးရေးမှာ နည်းပညာတွေ လိုအပ်နေတဲ့အတွက် နည်းပညာတွေ ပံ့ပိုးပေးဖို့၊ အရင်ကလည်း လုပ်နေတယ်၊ ဒါပေမဲ့ ကျွန်တော်တာဝန်ယူတဲ့အချိန်ကစပြီး ကြပ်ကြပ်မတ်မတ် လုပ်ပါမယ်။ ဧရာဝတီတိုင်းရဲ့ လယ်မြေတွေပေါ်မှာ ဘယ်လိုစိုက်စိုက် ဖြစ်ထွန်းတယ်၊ ဒါပေမဲ့ အဲဒီလယ်မြေတွေဟာ အချဉ်ဓာတ်များနေသလား၊ အငန်ဓာတ်များနေသလား၊ ဘာဖြစ်နေလဲ၊ လယ်သမားတွေ မသိကြဘူး။ ဒါကို ကျွန်တော်တို့က နည်းပညာနဲ့ အကူအညီပေးမယ်ဆိုရင် အထွက်နှုန်းတွေ ကောင်းလာမယ်၊ စီးပွားရေးတွေ အဆင်ပြေလာမယ်ပေါ့။ လယ်ယာစိုက်ပျိုးကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာတာနဲ့အမျှ စီးပွားရေးတွေကောင်း လာမယ်၊ ဒါဆိုရင် စက်မှုလုပ်ငန်းတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေ၊ လျှပ်စစ်တွေ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေဟာ ကျွဲကူးရေပါဆိုသလို လိုက်ပါပြီး ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ်။

Voice : ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှာ ဖြစ်နေတဲ့ ပွတ်တိုက်မှုတွေကို ဝန်ကြီးချုပ်အနေနဲ့ ဘယ်လိုမျိုး ဆောင်ရွက်သွားဖို့ရှိပါသလဲ။

UHMA : ပွတ်တိုက်မှုမရှိအောင်တော့ ကျွန်တော် ကြိုးစားဆောင်ရွက်ပါ့မယ်။ ပွတ်တိုက်မှုက မအောင်မြင်နိုင်ပါဘူး၊ ကျွန်တော်က ပွတ်တိုက်မှုထက် ပူးပေါင်းမှုကို ပိုလိုလားပါတယ်၊ ပူးပေါင်းဆောင်ရွက်ရင် အောင်မြင်နိုင်မှာပါ။ ကျွန်တော်က လွှတ်တော်ကိုယ်စားလှယ်ကနေ လာတာဆိုတော့ လွှတ်တော်ရဲ့ အခက်အခဲတွေကို သိတယ်၊ နားလည်တယ်။ အခု အစိုးရအဖွဲ့ကို ဦးဆောင်ရမှာဆိုတော့လည်း အစိုးရရဲ့အခက်အခဲကို သိလာမှာပါပဲ၊ ဒါကြောင့် ပွတ်တိုက်မှုနည်းအောင် ဆောင်ရွက်သွားမှာပါ။

Voice : ဧရာဝတီတိုင်းမှာနေသူတွေကို ဝန်ကြီးချုပ်အနေနဲ့ ဘာများပြောဖို့ရှိပါသလဲ။

UHMA : အောင်မြင်တဲ့အစိုးရတွေဆိုတာ ပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်လို့ ဖြစ်ပါတယ်။ ကျွန်တော်တို့က တိုင်းဒေသကြီး တိုးတက်အောင်လုပ်မယ်၊ ပြည်သူများကလည်း တိုးတက်အောင်လုပ်ကြပါ။ တစ်ဦးနဲ့တစ်ဦး ရန်ဖြစ်နေမယ်၊ အပြစ်ပြောမယ်ဆိုရင် ဘာလုပ်ငန်းလုပ်လုပ် အဆင်ပြေချောမွေ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ မအောင်မြင်နိုင်ပါဘူး။ သူ့အပြစ် ကိုယ့်အပြစ် လက်ညှိုးထိုးနေမယ့်အစား ပူးပေါင်းဆောင်ရွက်ကြဖို့လိုတယ်လို့ ပြောချင်ပါတယ်။ ကျန်းမာရေးကောင်းပြီး အသက်ရှင်နေရတဲ့ ကာလလေးမှာ လူ့လောကအကျိုးကို ကောင်းမွန်စွာ ဆောင်ရွက်ပေးကြပါ။ ကျွန်တော်တို့အစိုးရအဖွဲ့ကိုလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါ။ ပြည်သူမပါရင် ဘာမှမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပြည်သူများက ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါလို့ ပြောချင်ပါတယ်၊

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

The Voice

0 comments:

Post a Comment