Saturday, January 27, 2018

ထူးကုမ္ပဏီက သိမ်းယူထားသော လယ်မြေဧက ၃၀၀ နီးပါး ပြန်လည်ရရှိရေးရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ လယ်သမားများတင်ပြ


ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ ချောင်းညီ အစ်ကိုကျေးရွာအုပ်စု၊ အမှတ်(၃)၊ အမှတ်(၄)ရပ် ကွက်ရှိ လယ်ဧက ၃၀၀ နီးပါးကို ၂၀၁၀ ပြည့်နှစ်၊ မတ်လက ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနှင့် ကျောက် မီးသွေးအတင်၊ အချပြုလုပ်ရန် ဆိပ်ကမ်းတည်ဆောက်ရေးအတွက်ဟုဆိုကာ ထူးကုမ္ပဏီမှ တဧကလျှင် ကျပ်လေးသိန်းခွဲပေး၍ သိမ်းယူခဲ့သည်။ 


သို့သော် ယခုအချိန်အထိ စီမံကိန်းအကောင်အထည် မဖော်သေးသည့် အတွက် ဇန်န၀ါရီလ ၂၂ ရက်က ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ထူးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အတူ သိမ်းဆည်းခံတောင်သူ ၂၄ ဦး၏ ကိုယ်စားလှယ်များဖြစ်သော ဦးမျိုးအောင်၊ ဦးလှမြင့်၊ ဦးတင့်နိုင်၊ ဦးမြငွေနှင့် ဦးခိုင်ဝင်းတို့သည် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် သိမ်းဆည်း ခံလယ်မြေများအား နိုင်ငံတော်မှ ပြန်လည်သိမ်းယူ၍ မူလလုပ်ပိုင်ခွင့်ရ တောင်သူများထံ လုပ်ပိုင်ခွင့်ပြန် လည်ပေးပါရန် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

''မနေ့က ၀န်ကြီးချုပ်နဲ့တွေ့တယ်။ ကုမ္ပဏီက လူတွေလည်းပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ လယ် ယာ မြေတွေကို ပြန်ရချင်တဲ့အကြောင်း ၀န်ကြီးချုပ်ကို တင်ပြတယ်။ ၀န်ကြီးချုပ်ကတော့ ဒီလယ်မြေတွေ ကို ပြန်ပေး မယ်လို့တော့ ကတိမပေးခဲ့ပေမဲ့ အဲဒီနေရာမှာ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ဆောက် မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေမှာဖြစ်တဲ့အတွက် လုံးဝခွင့်မပြုဘူးလို့ ပြောပါတယ်''ဟု ဦးလှမြင့်က ပြော သည်။

ထူးကုမ္ပဏီသည် ကျောက်မီးသွေး စက်ရုံတည်ဆောက်ရန်အတွက် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၂ ရက်တွင် ထန်းတပင်မြို့ နယ်အတွင်းရှိ ကွင်းအမှတ် ၂၅၀(က)နှင့် ၂၅၀(ခ)ရှိ လယ်မြေဧက ၆၀ ဒသမ ၆၇ ဧက၊ အမှတ် ၄ ရပ်ကွက်ရှိ ကွင်းအမှတ် ၂၅၇(က)ရှိ လယ်မြေဧက ၅၈ ဒသမ ၇၁ ဧက၊ ချောင်းညီကို ကျေးရွာ အုပ်စုရှိ ကွင်း အမှတ် ၂၂၃ နှင့် ၂၂၄(B)ရှိ လယ်မြေ ဧက ၁၁၇ ဒသမ ၇၉ ဧက၊ စုစုပေါင်း တောင်သူ ၂၄ ဦးပိုင် လယ်မြေဧက ၂၉၇ ဒသမ ၁၇ ဧကကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ မြေရရှိရေးလျှောက် ခဲ့ကြောင်း၊ မြို့နယ်၊ ခရိုင်၊ တိုင်းမြေစစ်ရေးမှ အဆင့်ဆင့်စိစစ်ပြီး တိုင်းအစိုးရအဖွဲ့မှ မြေပုံရေးကူး အမှုတွဲ တည်ဆောက် ခွင့်ပြုပေးခြင်းဖြစ်သည်။

''ဒီကျောက်မီးသွေး စက်ရုံတည်ဆောက်မယ့် နည်းပညာက တရုတ်နည်းပညာဖြစ်တဲ့အတွက် ကျွန်တော်တို့ လုံးဝလက်မခံနိုင်ဘူး။ ကျွန်တော်သိရတာတခုက ဒီမှာသုံးတဲ့ တာဘိုင်တွေကလည်း တရုတ်ပြည်မှာသုံးခဲ့တဲ့ တာဘိုင်တွေလို့ သိရတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဒီစက်ရုံတည်ဆောက်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါ ဘူး''ဟု ထန်းတပင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်က ပြောသည်။

ရန်ကုန်မြို့ အနောက်မြောက်ဘက် ၄၅ ကီလိုမီတာအကွာ ထန်းတပင်မြို့နယ် တွင် တရုတ်နိုင်ငံမှ Huaneng Lancang River Hydropower Co.,Ltd နှင့် Htoo Group of Companies တို့ ပူးပေါင်း၍ မဂ္ဂါဝပ် ၅၄၀ ဓာတ် အားရရှိ မည့် ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို တရုတ်နည်းပညာဖြင့် တည်ဆောက် မည်ဖြစ်ကြောင်း Htoo Group ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

''တောင်သူတွေကို လက်ရှိအချိန်ထိ အဲဒီလယ်ယာမြေတွေမှာပဲ လုပ်ကိုင်ခွင့်ပြုထားပေးတယ်။ ဒါပေမဲ့ ၂၀၁၃ မှာ လယ်ယာမြေပုံစံ (၇) ထုတ်ပေးတော့ အဲဒီ ပုံစံ(၇)မှာ ကုမ္ပဏီအမည်နဲ့က ဧကအကုန်လုံးမဟုတ်ဘဲ ဒေါ်ဌေးဌေးလှိုင်အမည်နဲ့က ပိုများနေတယ်။ ကျွန်တော်သိသလောက်ကတော့ စီမံကိန်းဆိုတာ နိုင်ငံတော် အနေနဲ့ပဲ သိမ်းရမှာ။ နိုင်ငံတော်အနေနဲ့ပဲ အခြားနည်းသုံးလို့ရတာ။ ခုဟာကတော့ လုပ်ထုံး လုပ်နည်းမှားနေ တယ်လို့ ထင်တယ်'' ဟု ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန့်ဇော်လင်းက ပြောသည်။

အဆိုပါလယ်မြေ ၂၉၇ ဒသမ ၁၇ ဧကသည် မိုးစပါး၊ နွေစပါး စိုက်ပျိုးလို့ ကောင်းသောနေရာတခုဖြစ်ပြီး နွေရာသီတွင် ၎င်းလယ်မြေများနှင့်နီးသော ကုက္ကိုလ်ဝမြစ်မှ မြစ်ရေကိုသွယ်ယူ၍ သီးထပ်စပါး စိုက်ပျိုးလို့ ရကြောင်းနှင့် မြေဆီသြဇာကောင်းသော လယ်မြေများဖြစ်သည့်အတွက် နှစ်စဉ်အထွက်တိုးကာ နိုင်ငံတော် အတွက် စားနပ်ရိက္ခာကို တထောင့်တနေရာမှ အထောက်အကူပြုနေကြောင်း သိရသည်။

''ဒီလယ်အလုပ်ဆိုတာ ကျွန်တော်တို့တသက်လုံးလုပ်လာတာ။ ဒီအလုပ်ကို စွန့်လွှတ်ရမယ်ဆိုရင်တော့ ထမင်းလုပ်ပြုတ်ကျတာပါပဲ။ အဲဒီတုန်းက ကျွန်တော်တို့ကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုပြီး ကျောက် မီးသွေး စက်ရုံတည်ဆောက်ဖို့အတွက် ၁ ဧကကို ၄ သိန်းခွဲပေးပြီး လက်မှတ်ထိုးခိုင်းတယ်။ ထိုးဆိုတော့ လည်း ကြောက်တာနဲ့ ဘာနဲ့ထိုးလိုက်ရတယ်။ အဲဒီခေတ်တုန်းက ကျွန်တော်တို့ မရောင်း လည်းသိမ်းမှာပဲ။ အဲဒါဆို တော့ အလကား ပေးရတာထက်စာရင် ၄ သိန်းခွဲရတာ တော်သေးတယ်ဆိုပြီး ဖြေသိမ့်ခဲ့ရတာ။ အဲဒီထဲက ကျွန်တော်တို့လယ်တွေက တဧကကို ၄ သိန်းခွဲမကကို တန်ပါတယ်'' ဟု သိမ်းဆည်းခံလယ်သ မားကြီး ဦးမြငွေ က ဆိုသည်။

၂၀၁၀ ပြည့်နှစ်က သိမ်းဆည်းသွားခဲ့ပြီး ယနေ့အချိန်အထိ လုပ်ငန်းအကောင်အထည်ဖော်နိုင်ခြင်း မရှိသည့် အတွက် အဆိုပါလယ်ယာမြေအားလုံးကို လယ်သမားများအနေဖြင့် ပြန်လည်ရရှိလိုကြောင်း ဆန္ဒ ရှိနေခြင်းဖြစ် သည်။ သို့သော် ဒေသဖွံ့ဖြိုးရေးအတွက် ကျောက်မီးသွေးဓာတ်အားပေးစီမံကိန်းမဟုတ်သည့် အခြားစီမံကိန်း တခုဖြစ်လာခဲ့လျှင်လည်း လယ်သမားများအတွက် ရသင့်ရထိုက်သည်များကိုရရှိသည်အထိ တောင်းဆိုသွားမည်ဟု ထန်းတပင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဌေးမော်က ပြောသည်။

''ကျွန်တော့်အနေနဲ့ကတော့ ပြည်သူတွေရဲ့ စားဝတ်နေရေးကို ငဲ့ညာသောအားဖြင့်ကတချက်။ ကုမ္ပဏီ ပိုင်းကလည်း ပထမသိမ်းယူစဉ်က လယ်မြေအဖြစ် သိမ်းယူတယ်။ အခြားနည်းသုံးဖို့အတွက် လျှောက်တယ်။ သို့သော် အခြားနည်းဖို့လည်း မကျဘူး။ မကျဘဲနဲ့ သူတို့က လယ်ယာမြေပုံစံ (၇) နဲ့ ပြန်လျှောက်တယ်။ အဲဒါက သူတို့ ဘက်က နံပါတ်(၁)လွဲချော် မှု။ နံပါတ်(၂)လွဲချော်မှုကလျှောက်တုန်း က ဧက ၇၀ ကျော်ပဲ လျှောက်ပေမယ့် သိမ်းယူတာက ဧက ၃၀၀ နီးပါးဖြစ်နေ တယ်။ အဲဒါက တောင်သူတွေအတွက် သံသယပွား စရာပါ။ ဧက ၇၀ လျှောက်ပြီး ကျန်တာကို ဘာလို့မလျှောက်တာလဲ။ ဆိုလိုချင်တာက မြေယာပိုင်ဆိုင်ဖို့ အတွက် လုပ်တာလားဆို ပြီးတော့ တောင်သူတွေ ထင်နေတယ်။ နောက်တချက်က လယ်ယာမြေ ဥပဒေကြောင်းအရဆိုရင် လုပ်ငန်းကြီး တခုကို အကောင်အထည်ဖော်တဲ့အခါ  ၇ နှစ်အတွင်း အကောင် အထည်ဖော်ရတယ်လို့သိရတယ်။ အခု သုံးပုံတပုံတောင်မဟုတ်ဘဲ လုံးဝအကောင်အထည် ဖော်ခြင်းမရှိသေး တဲ့အခြေအနေမှာပဲ ရှိပါတယ်။ အဲဒါကြောင့် တောင်သူတွေရဲ့ ဘ၀အတွက် ၀န်ကြီးချုပ်ကို မေတ္တာရပ်ခံဖို့ ရည်ရွယ်ထားပါတယ်''ဟု ဦးဌေးမော်က ပြောသည်။


သားချမ်းမြတ်
News Watch

0 comments:

Post a Comment