Sunday, January 28, 2018

ပိဋကသုံးပုံ အာဂုံဆောင်အရှင်မြတ်တစ်ပါး ပေါ်ထွက်လာ


အကြိမ် (၇ဝ) မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကနေ မြန်မာပြည်ရဲ့  (၂၂) ပါးမြောက် တိပိဋကဓရ၊ ပိဋကသုံးပုံ အာဂုံဆောင်အရှင်မြတ်တစ်ပါး ပေါ်ထွန်းလာတယ်လို့  အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်မှ ဇန်နဝါရီ ၂၇ ရက်အထိ ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေမှာ ကျင်းပခဲ့တာမှာ တိပိဋက မဟာဂန္ထဝင်နိကာယ် ကျောင်းတိုက် ကျန်စစ်သားလမ်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးမှ ဘဒ္ဒန္တသေဋ္ဌဥာဏာလင်္ကာရ သက်တော်(၃၈)နှစ်၊ သိက္ခာ(၁၇) ဝါဟာ တိပိဋကဓရ၊ ပိဋကသုံးပုံ အာဂုံဆောင်အဖြစ် ပေါ်ထွန်းခဲ့တာပါ။

အရှင်သေဋ္ဌဥာဏာလင်္ကာရဟာ စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ရွာဗုကြီးရွာ ခမည်းတော် ဦးတင်စော- မယ်တော် ဒေါ်အုံးခတို့မှ ၁၃၄ဝ ပြည့်နှစ် တပေါင်းလပြည့်ကျော် ၄ ရက်မှာ ဖွားမြင်ခဲ့တာဖြစ် ပါတယ်။

၁၃၆၁ ခုနှစ် တန်ခူးလပြည့်ကျော် ၁၁ ရက်မှာ ၇ မိုင် စော်ဘွားလေးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဣန္ဒာ စာရကို  ဥပဇ္ဈာယ်ပြုလျက် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။

ဂဏဝါစကသာမဏေကျော်၊ ပရိယတ္တိသာသနာလင်္ကာရသာမဏေကျော်၊ ပရိယတ္တိသဒ္ဓမ္မ ရက္ခိတ သာမဏေကျော်၊ မင်္ဂလာဗျူဟာသာမဏေကျော်၊ ပရိယတ္တိသာသနဟိတ သာမဏေကျော်ဘွဲ့တွေရရှိခဲ့ကာ ၁၃၆၁ ခုနှစ်မှာ ပထမကြီးတန်းကို ရန်ကုန်တိုင်းဒေသကြီးမှာ ပထမ၊ တစ်နိုင်ငံလုံး ဒုတိယဆုရရှိခဲ့ပါတယ်။

အရှင်သေဋ္ဌဥာဏာလင်္ကာရဟာ သင်ရိုးပိဋကသုံးပုံလုံးကို အာဂုံပြန်ဆို အောင်မြင်ပြီးဆုံးပြီဖြစ်လို့ တိပိဋကဓရ ဘွဲ့တံဆိပ်တော်၊ ၎င်းအောင်လက်မှတ်နဲ့ အရိုးနီကနက္ကဒဏ်ထီးဖြူတော် သုံးလက်တံဆိပ်ပါ သာသနာ့အောင်လံတော်တို့ကို အလှူခံရရှိတော်မူမှာဖြစ်ပါတယ်။

ဓာတ်ပုံ-ကြေးမုံ
DVB

0 comments:

Post a Comment