Sunday, January 28, 2018

ဒေါက်တာအေးမောင်ကို ရသေ့တောင် တရားရုံးတွင် ရုံးထုတ်မည်


အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်ကို မနက်ဖြန်(ဇန်နဝါရီ ၂၉ ရက်)တွင် ရသေ့တောင်မြို့နယ်တရားရုံးတွင် ရုံးထုတ်သွားမည်ဖြစ်ကြောင်း ၎င်း၏အကျိုးဆောင်ရှေ့နေနှင့် မိသားစုဝင် များထံမှ သိရသည်။
အဆိုပါ တရားရုံး၌ ရုံးထုတ်ရန်အတွက် ဒေါက်တာအေးမောင်အား ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းအချိန် ၌ စစ်တွေမြို့ အကျဉ်းထောင်မှ မော်တော်ယာဉ်ဖြင့် ခေါ်ဆောင်သွားမည်ဟု သိရှိထားကြောင်း၊ ထိုသို့ရုံး ထုတ်မည်ကို သက်ဆိုင်ရာက အကြောင်းကြားခြင်းမရှိကြောင်း၊ သို့သော်လည်း အကျိုးဆောင်ရှေ့နေများထံ မှ သိရှိရသဖြင့် ရသေ့တောင်သို့ မော်တော်ဘုတ်ဖြင့် သွားရောက်မည်ဟု မိသားစုဝင်များက ဆိုကြသည်။

“ကျွန်တော်တို့သိထားရတာကတော့ ရသေ့တောင်မြို့နယ်မှာ ၁၇ (၁) ရယ်၊ ၅၀၅ တို့နဲ့ အမှုဖွင့်ထားတဲ့ အဲဒီမှာ ပုဒ်မနှစ်ခုနဲ့ မနက်ဖြန် ရုံးထုတ်မယ်။ ၁၂၂ ကိုတော့ စစ်တွေခရိုင်မှာ ဖွင့်ထားတဲ့အတွက် စစ်တွေမှာ ရုံးထုတ်သွားမယ်။ ဘယ်နေ့ စစ်တွေမှ ရုံးထုတ်မယ်လို့တော့ မသိရသေးဘူး”ဟု အကျိုးဆောင်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောကြားသည်။

ကျောက်တော်မြို့၌ ယနေ့(ဇန်နဝါရီ ၂၈ ရက်)က ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို အမြန်ဆုံး လွှတ်ပေးရန် လူ ၂၀၀ ကျော်ခန့်က ဆန္ဒတောင်းဆိုခဲ့ကြသည်။

The Voice

0 comments:

Post a Comment