Saturday, January 27, 2018

ပညာရေး ဘတ်ဂျက် တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သော ရတနာပုံတက္ကသိုလ်မှ ကျောင်းသား ၁၂ ဦး သင်တန်းမှ ရပ်စဲခံရ


ရတနာပုံတက္ကသိုလ်တွင် ပညာရေးဘတ်ဂျက်တိုးမြှင့်ပေးရန် ဇန်နဝါရီ ၂၂ ရက်မှ စတင်၍တောင်းဆိုရာတွင် ပါဝင်ခဲ့သော ရတနာပုံတက္ကသိုလ်မှ ကျောင်းသား ၁၂ ဦးကို ရတနာပုံတက္ကသိုလ် စီမံခန့်ခွဲမှုအဖွဲ့က သင်တန်းမှရပ်စဲခဲ့ကြောင်း ဇန်နဝါရီ ၂၆ ရက် ညနေ ၄ နာရီခွဲက ရတနာပုံတက္ကသိုလ်အစည်းအဝေးခန်းမ (၁) တွင် အဆင့်မြင့်ပညာဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က ပြုလုပ်ခဲ့သော သတင်း စာရှင်းလင်းပွဲမှ သိရသည်။
''သူတို့လုပ်တဲ့ကိစ္စကို သက်ဆိုင်ရာတာဝန်ရှိသူတွေ တွေ့ဆုံတယ်။ အကြိမ်ကြိမ် တွေ့ဆုံတယ်။ ညှိနှိုင်းပေး တယ်။ လုံးဝလက်မခံခဲ့ကြဘူး။ ဆန္ဒပြတာက စာသင်ခန်းတွေထဲထိ ဆူညံစွာအော်ဟစ်ပြီး ဆန္ဒပြခဲ့ကြတယ်။ အကြိမ်ကြိမ် မလုပ်ဖို့တားမြစ်ခဲ့တယ်။ စာသင် နေတဲ့ ကျောင်းသားတွေက လက်မခံကြဘူး။ ဒါကြောင့် ဆရာများသမဂ္ဂနဲ့ ရတနာပုံကျောင်းသားသမဂ္ဂက ကန့်ကွက်ကြောင်းစာထုတ်ခဲ့တယ်။

သက်ဆိုင်ရာကျောင်းတွေကလည်းမလုပ်ဖို့ စာထုတ်တယ်။ အကြိမ်ကြိမ်သတိပေးထားလျက်နဲ့ စာသင် ကြားရေးမှာ အကြိမ်ကြိမ် နှောင့်ယှက်လာတယ်။ တားမြစ်တာကိုလက်မခံဘဲ ပင်မဆောင်မှာ နေနေကြ တယ်။ ဒါကြောင့် ကလေး တွေကို အန္တရာယ်လည်း မဖြစ်စေချင်လို့ စနစ်တကျနဲ့ မိဘတွေထံ ပြန်ပို့တာပါ။ တော်တော်များများ မိဘထံပြန်ရောက်နေပါပြီ။ ကျောင်းထဲ ဒီလိုမလုပ်ဖို့ အကြိမ်ကြိမ်တားခဲ့တယ်။ 

ရတနာပုံတက္ကသိုလ်က ကျောင်းသားတွေက တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်ရတာပါ။ ကျောင်းသား ၁၂ ဦးကို သင်တန်းကရပ်စဲလိုက်တာပါ။ ကျောင်းကပြန်လက်ခံ၊ မခံက သူတို့အပေါ်မှာမူတည်တယ်။ သူတို့လိမ္မာမယ်၊ ကောင်းမယ်။ ပြစ်မှုတွေ မကျူးလွန်တော့ဘူးဆိုရင် ကျောင်းပြန်လက်ခံနိုင်တဲ့ အချိန်ကျရင် ပြန်လက်ခံပေးသွားမှာပါ''ဟု ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင် မောင်နိုင်က ပြောသည်။

ဇန်နဝါရီ ၂၆ ရက် ရက်စွဲပါစာ အမှတ်(ဝဝ၇/ရတသ/ ကသရ-၁၄(ပြစ်ဒဏ်)၂ဝ၁၈အရ ပညာ ရေးအသုံးစရိတ် တိုးမြှင့်ရေး တိုက်ပွဲကော်မတီအဖွဲ့ဝင် ကိုကျော်သီဟရဲကျော် (ရတနာပုံတက္ကသိုလ် ကျောင်းသား)နှင့် ကိုရဲ မျိုးဆွေ (ရတနာပုံတက္ကသိုလ်ကျောင်းသား) တို့အား ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်မှစ၍ သင်တန်းမှ ရပ်စဲခဲ့ သည်။ ''ရတနာပုံနဲ့ ပတ်သက်သလိုပဲ အဲဒီကျောင်းသားတွေ အကုန်လုံးက သူတို့တက်နေတဲ့ ကျောင်းက တက္ကသိုလ်တွေရဲ့ စီမံခန့်ခွဲမှုအဖွဲ့ အပေါ်မူတည်ပါတယ်၊ ဒီကိစ္စတွေကို အဆင့်မြင့်ပညာဦးစီးဌာနအနေနဲ့ ဘာမှပြောဆိုခြင်းမရှိပါဘူး။ သက်ဆိုင်ရာတက္ကသိုလ်ရဲ့ စီမံခန့်ခွဲမှုအဖွဲ့ တွေအပေါ်ပဲ မူတည်ပါတယ်'' ဟု အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောသည်။

ကိုကျော်သီဟရဲကျော်နှင့် ကိုရဲမျိုးဆွေသည် ဇန်နဝါရီ ၂၂ ရက် မှ ၂၄ ရက်အထိ ရတနာပုံတက္ကသိုလ်တွင် ပညာရေးဘတ်ဂျက်တိုးမြှင့်ပေ ရန် တောင်းဆိုလှုပ်ရှားမှုတွင် ဦး ဆောင်ခဲ့သူများဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ပါ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအပိုင်း (ဃ)၊ အပိုဒ် (၁)၊ အကျင့်စာ ရိတ္တ ပျက်ပြားမှုဆိုင်ရာ ပြစ်မှုများ အမှတ်စဉ် (၆)၊ ကျောင်းစည်းကမ်း ဖောက်ဖျက်မှုဆိုင်ရာပြစ်မှုများ အမှတ် စဉ် (၁) တို့ကို ဖောက်ဖျက်ကျူးလွန် သောကြောင့် ဇန်နဝါရီ ၂၆ ရက်က ရတနာပုံတက္ကသိုလ် စီမံခန့်ခွဲရေး အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်မှစ၍ သင်တန်းရပ်စဲလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

''ရဲတပ်ဖွဲ့က ကျောင်းသား တွေ ဒီမှာအခြေစိုက်ထားတာကို အေးဆေးတည်ငြိမ်ဖို့အတွက် ထွေ/ အုပ်တို့၊ ရဲတို့၊ ဆရာ၊ ဆရာမတွေက မန္တလာသီရိ အားကစားကွင်းကို ခေါ်သွားပြီးတော့ မိဘတွေလက်အပ်ပြီး နေရပ်ပြန်ပို့ပေးတာဖြစ်ပါတယ်။ ဥပဒေဆိုတာက တစ်ဖက်ကတိုင်တန်းရင် အမှုဖွင့်တာရှိပါတယ်။ လက်တလောမှ အမှုဖွင့်တိုင်တန်းတာမရှိသေးလို့ အရေးယူဖို့ မရှိသေးပါဘူး''ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးမြင့်ဦးက ပြောသည်။

မန္တလေးမြို့ အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်တွင် ပညာရေး အသုံးစရိတ်တိုးမြှင့်ပေးရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တက္ကသိုလ်ကျောင်း သားသမဂ္ဂများမှ တောင်းဆိုလှုပ်ရှားမှုကို ဇန်နဝါရီ ၂၂ ရက်မှ စတင်၍ တောင်းဆိုခဲ့ရာ ဇန်နဝါရီ ၂၅ ရက် နံနက် ၄ နာရီ ၁၅ မိနစ် တွင်ဖြိုခွဲ၍ မန္တလာသီရိဘောလုံးကွင်းသို့ ခေါ်ဆောင်ခံခဲ့ရရာ မန္တ လေးတိုင်းဒေသကြီးဝန်ကြီးချုပ် လာရောက်တွေ့ဆုံမှုရှိခဲ့ပြီး မိဘ လက်အပ်ကာ နေရပ်သို့ ပြန်လည် ပို့ဆောင်ခြင်းဖြစ်သည်။

''ကျောင်းထုတ်ခံခဲ့ရတာ ဘာမှမှတ်ချက်မပေးလိုပါဘူး။ ဘာမှတုံ့ပြန်သွားမှာ မဟုတ်ပါဘူး။ ကျွန် တော်အနေနဲ့ အသနားခံသွားမှာ မဟုတ်ဘူး။ ကျွန်တော်တို့လုပ်ခဲ့တာ ကျွန်တော်တို့ကောင်းဖို့အတွက် မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေ၊ ပညာရေးဝန်ထမ်း တွေအတွက် တောင်းဆိုခဲ့တာဖြစ်ပါတယ်''ဟု ပညာရေးအသုံးစရိတ် တိုးမြှင့်ရေး တိုက်ပွဲကော်မတီအဖွဲ့ဝင် ကိုကျော်သီဟရဲကျော် (ရတ နာပုံတက္ကသိုလ်ကျောင်းသား)က ပြောသည်။ ပညာရေးဘတ်ဂျက်တိုးမြှင့် ပေးရေး တောင်းဆိုလှုပ်ရှားမှုတွင် ပညာရေးအသုံးစရိတ်တိုးမြှင့် ရေး၊ ကျောင်းတွင်းအဆောင်များ ဆောက်လုပ်ပေးရန်၊ ကျောင်းတွင်း သင်ထောက်ကူပစ္စည်းလုံလောက် စေရန် စသော အချက်သုံးချက်ကို တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

AXE
#democracytoday

0 comments:

Post a Comment