Wednesday, January 24, 2018

ပြည်ပသို့ ရွှေ တင်ပို့တင်သွင်းမှု တရားဝင် စခွင့်ပြု


ရွှေထည် လက်ဝတ်ရတနာများ အပါအဝင် ၁၆ ပဲရည် ရွှေတုံးများကို ယခုလမှစတင်၍ ပြည်ပနိုင်ငံများသို့ တရားဝင် တင်ပို့ခြင်းနှင့် ပြည်ပမှ တင်သွင်းခွင့်တို့ကို ခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ရွှေနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများက အော်ဒါ မှာယူခြင်းများအပြင် နိုင်ငံခြားပြပွဲများတွင် သွားရောက် ရောင်းချခြင်းများ ဆောင်ရွက်လိုသော်လည်း ရွှေကို ပို့ကုန်အဖြစ် တင်ပို့ခြင်းကို ကန့်သတ်ထားသောကြောင့် တရားမဝင် ရောင်းဝယ်ခြင်းများ ရှိခဲ့ကြောင်း ယင်းဝန်ကြီးဌာနမှ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင် က ပြောကြားသည်။

“၁၆ ပဲရည်ရှိတဲ့ ရွှေတုံးတွေကို တင်ပို့လို့ရတယ်။ စံချိန်စံနှုန်းမီ ရွှေတွေကိုတော့ ဗဟိုဘဏ်က ကန့်သတ်ထား တဲ့အတွက် တင်ပို့လို့မရပါဘူး။ တရားဝင်ထဲ ကနေ တရားမဝင်နည်းလမ်းတွေနဲ့ ရောင်း ဝယ်မှုမ လုပ်နိုင်အောင် ရွှေဈေးကွက် စောင့်ကြည့်ရေးအဖွဲ့ကို စီးပွား/ကူးသန်းကနေ ဦးဆောင်ပြီး အခြားဝန်ကြီးဌာန တွေနဲ့ ပူးပေါင်းပြီးတော့ ဖွဲ့စည်းသွား မယ်”ဟု ၎င်းကရှင်းပြပြောဆိုသည်။

ရွှေထည်များကို တရားဝင် တင်ပို့ ခွင့်ပေးလိုက်သည့်အတွက် အောင်စဖြင့် ရောင်းဝယ်သည့် ရွှေဈေးကွက် ကိုဖော် ဆောင်ရန် ပြင်ဆင်နေကြောင်း၊ ပိဿာ၊ ကျပ်သားဖြင့် ဆက်လက်ရောင်းနေပါက ပြည်ပမှရွှေကုန် သည်က ရွှေဈေးကို ချက် ချင်းသိနိုင်ရန် ခဲယဉ်းသောကြောင့် အရောင်းအဝယ်များတွင် အဟန့်အတား ဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

“တင်ပို့၊ တင်သွင်းခွင့်ပေးလိုက်တော့ အိန္ဒိယကို ရွှေတင်ပို့မယ့်ဈေးကွက်အဖြစ် စဉ်းစားထားတယ်။ ရွှေတင်သွင်းမှာကိုတော့ တရုတ်နိုင်ငံကနေ သွင်းမယ်လို့ မှန်းထားတယ်။ မြန်မာက ရွှေထွက်ပေမယ့် ရွှေအရောင်းအဝယ် ကောင်းတဲ့အခါ တင်သွင်းဖို့လိုတယ်”ဟု ၎င်းကဆိုသည်။

ရန်ကုန်ရွှေဈေးကွက်တွင် တစ်ရက်ကို ရွှေပိဿာချိန် ၅၀ မှ ၂၀၀ ကြား ရောင်းဝယ်နေပြီး ယခု တင်ပို့ခွင့် ရပြီဖြစ်သောကြောင့် ရွှေဈေးကွက်အတွက် အလားအလာ ပိုကောင်းလာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

The Voice

0 comments:

Post a Comment