Wednesday, January 24, 2018

နိုင်ငံတော် လုံခြုံရေး အဖွဲ့အစည်းများ၏ ယူနီဖောင်းများနှင့် ဆင်တူသည့် ဝတ်စုံများမသုံးရန် မန္တလေးတိုင်းအစိုးရ သတိပေး


မန္တလေးတိုင်းအတွင်းရှိ ပုဂ္ဂလိကလုပ်ငန်းများ၊ လူမှုရေးအဖွဲ့များ၊ ပရဟိတ အသင်းများ၏ လုံခြုံရေးဝန်ထမ်း များဝတ်ဆင်သည့် ယူနီဖောင်းများသည် နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းများ၏ ယူနီဖောင်းများနှင့် ဆင်တူနေသောကြောင့် ယင်းဝတ်စုံများကို ပြင်ဆင်အသုံးပြုရန် မန္တလေးတိုင်း အစိုးရအဖွဲ့က ဇန်နဝါရီလ ၂၄ ရက်နေ့တွင် သတိပေး ပြောကြားလိုက်သည်။
နိုင်ငံတော် လုံခြုံရေးအတွက် တာဝန်ယူထားရသော တပ်ဖွဲ့ဝင်များ၏ ယူနီဖောင်းများနှင့် အသွင်သဏ္ဌာန်တူ သည့် ယူနီဖောင်းများကို ဝတ်ဆင်ခြင်းသည် နိုင်ငံတော်၏ ဥပဒေ၊ အက်ဥပဒေများနှင့် ငြိစွန်းနေသည့်အပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးကိုကျိုးပေါက်သည်အထိ ဖြစ်သွားနိုင်သည့်အတွက်သတိပေးရခြင်းဖြစ်ကြောင်း မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောကြားသည်။

လုံခြုံရေး ဝန်ထမ်းများ ထားရှိသည့်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များကို တိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ ဖိတ်ခေါ်ကာ ဗိုလ်မှူးကြီးက အသိပေး ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အသွင်သဏ္ဌာန် ဆင်တူတာတွေ ဝတ်စားဆင်ယင်တာဟာ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေတွေနဲ့ ငြိစွန်းတဲ့အတွက် အရေးယူခံရမှာ ဖြစ်ပါတယ်။ အရေးယူမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုလို ခေါ်ယူအသိပေးရခြင်းဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောဆိုသည်။

နိုင်ငံတော်၏ လုံခြုံရေးကို တာဝန်ယူရသည့် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့၏ ယူနီဖောင်းတို့နှင့် ဆင်တူသည့်ဝတ်စုံများ ဖြစ်နေပါက ပြောင်းလဲ ဆင်မြန်းကြရန် တိုက်တွန်းခဲ့သည့်အပြင် ယူနီဖောင်း ဝတ်ဆင်ရမည့် လုံခြုံရေး ကုမ္ပဏီများနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲလျက်ရှိကြောင်းလည်း လုံ/နယ်ဝန်ကြီးက ထပ်လောင်းပြောကြားသည်။

အဆိုပါ အသိပေး ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များက မည်သို့သော ယူနီဖောင်းများ ဝတ်ဆင်ခွင့်ရှိသည်ကို သိလိုကြောင်း မေးမြန်းခဲ့ရာတွင် နည်းဥပဒေထွက်ရှိလာသည့် အခါမှသာ ဥပဒေနှင့် အညီ ပြင်ဆင်ကြရန် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ဦးက ဖြေကြားခဲ့သည်။

လူမှုရေး အသင်းအဖွဲ့များအနေနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ယူနီဖောင်း လိုအပ် သည့်အပြင် မော်တော်ယာဉ် မောင်းနှင်သွားလာရာတွင်လည်း အချိန်မီ လျင်မြန်စွာ သွားလာနိုင်ရေးအတွက် မီးတန်းယာဉ်များ အသုံးပြုခွင့်ပေးသင့်သည်ဟု မန္တလေးမြို့ခံ လူမှုကူညီရေး အသင်းအဖွဲ့များက ထောက်ပြ သည်။

“အခု ယူနီဖောင်းတွေကို မဝတ်ဖို့ တားလိုက်ပြီဆိုတော့ ကျွန်တော်တို့အနေနဲ့ ဥပဒေတွေမထွက်ခင်မှာ ဘယ်လိုလုပ်ရမလဲ။ တိကျတဲ့အဖြေ တစ်ခုခုတော့ရှိဖို့ လိုတယ်လို့ထင်ပါတယ်။ နည်းဥပဒေ ရေးဆွဲနေပြီပြောပေမယ့် ဘယ်တော့ထွက်လာမလဲ မသိသေးတော့ ကြားကာလမှာ အခက်အခဲဖြစ်နိုင်ပါ တယ်”ဟု မန္တလေးမြို့ခံ ပရဟိတ အဖွဲ့အစည်းတစ်ခုမှ ကိုယ်စားလှယ် တစ်ဦးကပြောဆိုသည်။

The Voice

0 comments:

Post a Comment