Wednesday, January 24, 2018

ဒေါ်လာ ၁၈၅ သန်းဝန်းကျင် ရင်းနှီးမြှုပ်နှံထားသည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဆက် အဝေးပြေးလမ်းမကြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် အသုံးပြုရန်အသင့်ဖြစ်မည်ဟု အိန္ဒိယအစိုးရမျှော်မှန်းထား


ဒေါ်လာ ၁၈၅ သန်းဝန်းကျင် ရင်းနှီးမြှုပ်နှံထားသည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဆက် အဝေးပြေးလမ်း မကြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် အသုံးပြုရန်အသင့်ဖြစ်မည်ဟု အိန္ဒိယအစိုးရက မျှော်မှန်းထားကြောင်း Press Trust of India သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ကီလိုမီတာ ၁၄၀၀ ရှိသော ယင်းအဝေးပြေးလမ်းမကြီးသည် အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ ဆက်သွယ်ရေးအတွက် အဓိကအရေးပါလာမည်ဖြစ်ပြီး အဆိုပါနိုင်ငံများအကြား စီးပွားရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် ခရီးသွားကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်စေမည်ဟု အိန္ဒိယလမ်းပန်း ဆက်သွယ်ရေးနှင့် အဝေးပြေးလမ်း များဆိုင်ရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Nitin Gadkari က ပြောကြားသည်။

လာမယ့်နှစ် ဒီဇင်ဘာမှာ ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်း အဆင်သင့်ဖြစ်ပါပြီ။ အိန္ဒိယအစိုးရ အနေနဲ့ ဒါကို ဦးစားပေးဆောင်ရွက်နေပါတယ်။ ဒီအဝေးပြေးလမ်းမကြီးဟာ ဒေသတွင်းကုန်သွယ်မှုကို မြင့်တက်လာစေမှာပါ” ဟု ၎င်းကဆိုသည်။

အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါနှင့် အာဆီယံနိုင်ငံများနှင့် အဝေးပြေးလမ်းကွန်ရက် တည်ဆောက်ရေးအတွက် စီမံကိန်းပေါင်း ၂၄ ခုဆောင်ရွက်ရန် စီမံကိန်းရေးဆွဲထားပြီး စီမံကိန်း ၁၄ ခုမှ ၁၆ ခုအထိ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း Nitin Gadkari က ပြောကြားသည်။

ယင်းစီမံကိန်းအများစုကို အာရှဖွံ့ဖြိုးရေးဘဏ်၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး စိန်ခေါ်မှုများစွာ ရှိကြောင်း၊ အဓိကပြဿနာများမှာ မြေယာအသုံးပြုခွင့်ကိစ္စရပ်များ၊ လမ်းဖောက်လုပ်ရန်နှင့် လမ်းတိုးချဲ့ အဆင့်မြှင့်တင်ရန်အတွက် သစ်ပင်များခုတ်လှဲရမှုများဖြစ်ကြောင်းနှင့် အဆိုပါကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေကြောင်း အိန္ဒိယပြည်ထောင်စုဝန်ကြီးက ဆိုသည်။

အိန္ဒိယအစိုးရအနေဖြင့် အာဆီယံနိုင်ငံများနှင့် ရေကြောင်း၊ လေကြောင်းနှင့် ကုန်လမ်းဆက်သွယ်ရေး ကွန်ရက်များ တိုးချဲ့နိုင်ရန် ဒေါ်လာသန်း ၁၀၀၀ ရင်းနှီးမြှုပ်နှံမည်ဟု အဆိုပြုထားပြီး မကြာမီကခွင့်ပြုခဲ့သည့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းစီမံကိန်းအတွက် ဒေါ်လာ ၁၈၅ သန်း ရင်းနှီးမြှုပ်နှံထားသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနှင့်ထိုင်းအပြင် အာဆီယံနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံ တို့အထိ အဝေးပြေးလမ်းများဖြင့် ဆက်သွယ်ရေးတိုးချဲ့ရန် စီစဉ်ထားပြီး ကနဦးအနေဖြင့် ယခုတည်ဆောက် မည့် သုံးနိုင်ငံဆက် အဝေးပြေးလမ်းနှင့်အပြိုင် ရထားလမ်းတစ်ခုကို ဖောက်လုပ်ရန် စီစဉ်လျက်ရှိရာ ဂျပန်နိုင်ငံကလည်း ယင်းစီမံကိန်းတွင် ငွေကြေးထည့်ဝင်ရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်အထိ သုံးနိုင်ငံဆက် အဝေးပြေးလမ်းမကြီး တည်ဆောက်ရန် အိန္ဒိယမှ ကုန်ကျစရိတ်အားလုံး ရင်းနှီးမြှုပ်နှံထားသော်လည်း အာဆီယံနိုင်ငံများနှင့် ထပ်မံချိတ်ဆက်မည့် အခြားစီမံကိန်းများတွင် သက်ဆိုင်ရာနိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment