Monday, January 29, 2018

လစ်လပ်နေသော ရခိုင်စည်ပင်ဝန်ကြီးနေရာ စိုက်ပျိုးရေးဝန်ကြီးကို ပူးတွဲတာဝန်ပေး

လစ်လပ်နေသော ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး တာဝန်ကို  စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်အား ပူးတွဲတာဝန်ပေး ခန့်အပ်ထားကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ ယင်းလစ်လပ်နေသော စည်ပင်ဝန်ကြီး ဦးမင်းအောင်နေရာကို စိုက်ပျိုးဝန်ကြီး ဦးကျော်လွင်အား ပူးတွဲတာဝန်ပေး ခန့်အပ်လိုက်ခြင်း လည်း ဖြစ်သည်။

“အခုလတ်တလောမှာ စည်ပင်ဝန်ကြီး မရှိသေးတဲ့အတွက် အဲဒီနေရာကို ကျနော်ကို ယာယီခန့်အပ်လိုက် တာပါ။ တာဝန် ပေးအပ် ခံရတာကို ဥပဒေနဲ့အညီ စေတနာပါပါနဲ့ ထမ်းဆောင်ရမှာပါ။”ဟု စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သစ်တောနှင့်  သတ္တုဝန်ကြီး ဦးကျော်လွင်က RiAသို့ ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင် စည်ပင်ဝန်ကြီး ဦးမင်းအောင်သည် နိုင်ငံတော်က ပေး အပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်း မရှိဟုဆိုကာ တာဝန်ကမှ ရပ်စဲရန် ရခိုင်ပြည်နယ် လွှတ်တော်က ဇန်နဝါရီလ ၂ ရက်နေ့မှာ အရေးပေါ်အစည်းဝေး ခေါ်ယူပြီး မဲခွဲ ဆုံးဖြတ်ခဲ့သည်။

ယင်းနောက် စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို တာဝန်က ရပ်စဲလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

Mizzima - News in Burmese


0 comments:

Post a Comment