Monday, January 29, 2018

ကလေးမြို့တွင်း လုံခြုံရေး လူငယ်တစ်ရာကျော် ညကင်းလှည့်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင်း လုံခြုံရေးအတွက် ဇိုမီးလူငယ် လူမှုကူညီရေးအသင်းမှ လူငယ် တစ်ရာကျော်သည် အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ညဘက်တွင် ကင်းလှည့်နေကြောင်း ဇိုမီးလူငယ် လူမှုကူညီရေးအသင်းမှ တာဝန်ခံကြီးကြပ်ရေးမှူး ဦးဝုန်ဇခုပ်က ပြောကြားသည်။
ကင်းလှည့်ခြင်းကို ဇန်နဝါရီလ ၂၈ ရက်နေ့ညမှ စကာ ကလေးမြို့ပေါ်ရှိ ပင်လုံရပ်ကွက်၊ တံတားဦးရပ်ကွက်၊ တာဟန်းရပ်ကွက်၊ သဇင်ရပ်ကွက်၊ တောင်ဖီလာရပ်ကွက်၊ မွန်းလိုင်ရပ်ကွက်နှင့် ကြုံသုံးပင်ရပ်ကွက် စသည့်ရပ်ကွက်များတွင် လူဦးရေ ၁၀ ဦးမှ ၁၅ ဦးအထိ ပါဝင်သည့် လူငယ်အဖွဲ့များနှင့် လုံခြုံရေးကင်း လှည့်နေခြင်းဖြစ်သည်။

ကလေးမြို့တွင် ညအချိန် အုပ်စုဖွဲ့၍ လူကိုရိုက်ခြင်းနှင့် ပစ္စည်းလုယက်ခြင်း တို့ဖြစ်ပေါ်နေရာတွင် ဇိုမီး လူငယ်ကူညီရေးအသင်းမှ ရရှိထားသည့် စာရင်းအရ ဇန်နဝါရီလအတွင်း ယင်းကဲ့သို့ဖြစ်စဉ်မျိုး သုံးကြိမ်ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုနှင့် ဒဏ်ရာရမှုများရှိခဲ့ကြောင်း ဦးဝုန်ဇခုပ်က ပြောဆိုသည်။

“ရဲနဲ့ လူငယ်လေးတွေ အဆက်မပြတ် အမြဲတမ်းပူးပေါင်းနေမယ်ဆိုရင်တော့ ဖြစ်ပွားပြီးတဲ့ ကိစ္စက လူမိုက်တွေကို မဖမ်းမိသည့်တိုင်အောင် နောက်ထပ် ဖြစ်ပွားမှုကတော့ လျော့နည်းမယ်လို့တော့ ထင်မိပါ တယ်”ဟု ၎င်းက ဆိုသည်။

ဇိုမီးလူငယ်လူမှု ကူညီရေးအသင်းမှ လူငယ်များ စတင်ကင်းလှည့်ခဲ့သည့် ညတွင် အမျိုးသမီးတစ်ဦးက ရပ်ထားသည့်ကားကို ဆိုင်ကယ်ဖြင့် ဝင်တိုက်မိရာမှ သတိလစ်မေ့မြောသွားသည်ကို တွေ့ရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးနိုင်ခဲ့ခြင်း၊ စမ်းမြို့ရပ်ကွက်တွင် အုပ်စုလိုက်ရန်ဖြစ်နေသူလေးဦးကို ရဲစခန်းသို့ အပ်နှံနိုင် ခဲ့ခြင်းနှင့် ကလေးမြို့နယ် ဥပဒေရုံးရှေ့တွင် အော်ဟစ်ဆူပူနေကြသည့် လူငယ်ငါးဦးကို အိမ်ပြန်ခိုင်းစေခြင်း စသည့်လှုပ်ရှားမှုများ ပြုလုပ်နိုင်ခဲ့သည်။

“အရပ်သားတွေပဲ ဆောင်ရွက်ရင်တော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်သွားနိုင်တယ်။ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရင်တော့ အရမ်းကောင်းတာပေါ့ဆိုပြီး အားလုံးက တက်တက်ကြွကြွနဲ့ လုပ်ကြမယ် ဆိုတော့ ရဲတပ်ဖွဲ့တွေနဲ့ ပေါင်းပြီးတော့ ဆောင်ရွက်ပေးလိုက်တာ ဖြစ်ပါတယ်”ဟု ကလေးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သက်နိုင်ဦးက ပြောဆိုသည်။

The Voice


0 comments:

Post a Comment