Saturday, January 27, 2018

ဥပဒေကြမ်း တစ်ခုကို ငါးပွင့်၊ ခြောက်ပွင့်ဆိုင်ပြီး အကျေအလည် ဆွေးနွေးရန် ဥပဒေကြမ်းကော်မတီကို ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ အသိပေး


ဥပဒေကြမ်းတစ်ခု ပိုမိုကောင်းမွန်ရန်၊ တရားမျှတမှုရှိရန် ဥပဒေကြမ်းတစ်ခုကို ငါးပွင့်၊ ခြောက်ပွင့်ဆိုင်ပြီး အကျေအလည်ဆွေးနွေးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီကို အသိပေးပြောကြားလိုက်သည်။ ဇန်နဝါရီ ၂၆ ရက် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာနမှတင်သွင်းသည့် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
''ရုပ်ရှင်ဥပဒေအဖြစ် အသစ် ပြန်လည်ပြဋ္ဌာန်းနိုင်ရန် သက်ဆိုင်ရာမှ ညှိနှိုင်းရေးဆွဲလျက်ရှိရာ အတည်ပြုပြ ဋ္ဌာန်းနိုင်ခြင်းမရှိသေးမီ တည်ဆဲဥပဒေဖြစ်သော ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ (၈/၁၉၉၆)သည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေနှင့် ကိုက်ညီမှုမရှိခြင်း၊ နိုင်ငံတကာရုပ်ရှင်ဥပဒေများဖြင့် ဆီလျော်မှုမရှိခြင်း၊ နိုင်ငံ တကာတွင် ရုပ်ရှင်၊ ဗီဒီယိုဟူ၍ ခွဲခြားမှုမရှိခြင်း၊ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်း လဲဆောင်ရွက်ရန်လို အပ်လာသည့် အခြေအနေများအရ ရုပ်ရှင်ဥပဒေသစ်အား ရေးဆွဲ ပြဋ္ဌာန်းနိုင်မှုမရှိသေး မီ ဗီဒီယိုလုပ်ငန်းဆောင်ရွက်နိုင်ရန်'' ဥပဒေကြမ်း အား တင်သွင်းရခြင်းဟု ပြန်ကြား ရေးဒုတိယဝန်ကြီး ဦးအောင်လှထွန်းက တင်ပြသည်။ ပြည်သူ့လွှတ်တော်ဥပဒေ ကြမ်းကော်မတီက စိစစ်တွေ့ရှိမှု အစီရင်ခံစာ တင်ပြရာ ဥပဒေကြမ်း အား ပြည်သူ့လွှတ်တော် ကျန်းမာ ရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက် ရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ညှိနှိုင်းအစည်းအဝေး ကျင်းပစိစစ်ခဲ့ဟုတင်ပြသည်။

ယင်းအပေါ် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌဦးဝင်းမြင့်က ''ဥပဒေ ကြမ်းကော်မတီက ပြည်သူ့လွှတ် တော်ကျန်း မာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက တာဝန်ရှိသူများနဲ့ ညှိနှိုင်းစည်းဝေးတယ်လို့ပါတယ်။ ကျွန်တော်အမြဲတမ်း ပြောပါတယ်။ ဥပဒေကြမ်းတစ်ခုပိုမိုပြည့်စုံဖို့၊ ပိုမိုကောင်းမွန်ဖို့၊ ဥပဒေအင်္ဂါရပ်နဲ့ညီဖို့၊ တရားမျှတမှုရှိဖို့၊ သက်ဆိုင်ရာကော်မတီတင် မဟုတ်ပါဘူး။ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ပြင်ပကစိတ်ပါဝင်စားတဲ့သူများ၊ ဒီဘာသာရပ်နဲ့ပတ်သက်လို့ နောက် ဥပဒေရေးရာနဲ့ အထူး ကိစ္စရပ်များ ကော်မရှင်စသည့် တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ငါးပွင့်၊ ခြောက်ပွင့်ဆိုင်တွေ့ပြီး အကျေအလည် ဆွေးနွေးဖို့။ ဒါကျွန်တော်အမြဲပြောပါတယ်။ အဲဒါလေးကိုတော့ လေး စားလိုက်နာစေချင်ပါတယ်''ဟု ပြော ကြားသည်။

၎င်းကဆက်လက်ပြီး''နှစ်ကြိမ် သုံးကြိမ်ရှိနေပြီး အမြဲပြောနေရတယ်။ ခဏခဏပြောနေရရင်လည်း မသင့်တော်ဘူး။ မပြောပြန်ရင်လည်း ဒီအတိုင်းပဲ တစ်ဖွဲ့ကောင်း၊ နှစ်ဖွဲ့ကောင်းနဲ့လုပ်လာရင် ဥပဒေမှာ အားနည်းချက်တွေ၊ ယိုယွင်းချက်တွေရှိလာရင် မကောင်းဘူး။ ဒါလေးကိုတော့ ဂရုစိုက်စေချင်တယ်။ အလေးအနက်ထားစေချင်တယ်။ ဒါဥပဒေကြမ်းကော်မတီကိုထပ်ပြီးတော့ အသိပေးခြင်းဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။ အဆိုပါ ဥပဒေကြမ်းအပေါ် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များအနေဖြင့် ဇန်နဝါရီ ၃ဝ ရက် နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။



YM,MP
#democracytoday

0 comments:

Post a Comment