Sunday, January 28, 2018

ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေး သီတင်းနှစ်ပတ်အတွင်းဆွေးနွေးရန် အစိုးရကိုတောင်းဆို


ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေး အစိုးရအနေနှင့် ရက်သတ္တပတ်နှစ်ပတ်အတွင်း တွေ့ဆုံဆွေးနွေးပေး ရန် တောင်းဆိုပြီး ဆောင်ရွက်မပေးပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့် ဆန္ဒပြ မည်ဖြစ်ကြောင်း ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးတိုက်ပွဲကော်မတီဝင် ကိုကျော်သီဟရဲကျော်က ပြောကြား သည်။
“ညှိနှိုင်းဆောင်ရွက်မှုလုပ်မပေးရင် တစ်နိုင်ငံလုံး ပြင်းထန်တဲ့လှုပ်ရှားမှုတွေ ဆောင်ရွက်သွားဖို့ရှိတယ်။ ဒီနှစ်ပတ်အတွင်းမှာ သက်ဆိုင်ရာ နယ်ဒေသကျောင်းသားသမဂ္ဂတွေရဲ့ လှုပ်ရှားမှုတွေမှာ ပညာရေးအသုံး စရိတ် တိုးမြှင့်ရေးတိုက်ပွဲ ကော်မတီက သွားရောက်ပူးပေါင်းပြီး ဆက်လက်လှုပ်ရှား တောင်းဆိုဖို့ရှိပါတယ်” ဟု ကိုကျော်သီဟရဲကျော်က ပြောဆိုသည်။

ကျောင်းသားများအနေနှင့် ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန် ပညာရေးဝန်ကြီးဌာန၊ လွှတ်တော် စသည့် အဖွဲ့များ ပါဝင်သည့် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ တွေ့ဆုံညှိနှိုင်းလိုကြောင်း ဆန္ဒပြ ဗကသ ကျောင်းသားများ က ပြောကြားသည်။

ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေး တိုက်ပွဲကော်မတီဝင် ကိုရာဇာထွန်းက “ကျွန်တော်တို့အနေနဲ့ တက္ကသိုလ်ကောလိပ်အသီးသီးမှာ ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့ ကျောင်းတွင်း တောင်းဆိုမှုတွေ ဆက်လုပ်သွားမယ်။ ဒီလိုတောင်းဆိုမှုတွေလုပ်ဖို့ သမဂ္ဂတွေနဲ့ ချိတ်ဆက်ထားတယ်”ဟု ပြောကြားသည်။

မန္တလေးမြို့ ရတနာပုံတက္ကသိုလ်တွင် ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေး ဇန်နဝါရီလ ၂၂ ရက်နေ့က စတင်တောင်းဆိုခဲ့ရာ ဇန်နဝါရီလ ၂၅ ရက် နံနက် ၄ နာရီကျော်အချိန်က ဖြိုခွင်းခံခဲ့ရပြီး ပါဝင်သည့် ကျောင်းသား ၇၂ ဦးအနက် ၃၆ ဦးကို တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့များက ကျောင်းထုတ်ပယ်ထားသည်။ ကျန်ရှိသူများကိုလည်း ရုံးဖွင့်ရက်တွင် ကျောင်းထုတ်ပယ်နိုင်ကြောင်း ၎င်းတို့က သုံးသပ်နေကြသည်။

ဇန်နဝါရီလ ၂၈ ရက် ညနေ ၅ နာရီခန့်အထိ ရရှိသောစာရင်းများအရ မန္တလေးမြို့ ရတနာပုံတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၁၄ ဦး၊ မိတ္ထီလာနည်းပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၁ ဦး၊ မိတ္ထီလာစီးပွားရေးမှ ၆ ဦး၊ ရမည်းသင်း နည်းပညာတက္ကသိုလ်မှ ၁၁ ဦး၊ မိုးညှင်း ဒီဂရီကောလိပ်မှ ၄ ဦး စုစုပေါင်း ၃၆ ဦး ကျောင်းထုတ်ခံရသည်။

The Voice

0 comments:

Post a Comment