Friday, January 26, 2018

အိန္ဒိယအစိုးရ ချီးမြှင့်သည့် ဂုဏ်ထူးဆောင် Padma Shri ဆုကို မြန်မာနိုင်ငံမှ ဒေါက်တာ သန့်မြင့်ဦး ရရှိ


အိန္ဒိယအစိုးရက ၂၀၁၈ ခုနှစ်အတွက် ချီးမြှင့်ပေးအပ်သည့် Padma Shri (ပဒုမ္မာသီရိ) ဆုများအနက် တစ်ဆုကို မြန်မာနိုင်ငံမှ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦး ရရှိသွားခဲ့ကြောင်း သိရသည်။
ဒေါက်တာသန့်မြင့်ဦးသည် စာရေးဆရာတစ်ဦးဖြစ်သကဲ့သို့ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့၏ တည်ထောင်သူလည်း ဖြစ်သည်။

Padma Shri ပဒုမ္မာသီရိ ဆုသည် အိန္ဒိယနိုင်ငံ၏ အမြင့်ဆုံးသော အရပ်သားဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ထဲမှ တစ်ခု ဖြစ်သည်။ Padma ဆုများကို အမျိုးအစား သုံးခု ခွဲပြီး ချီးမြှင့်အပ်နှင်းလေ့ရှိပြီး ယင်းတို့မှာ Padma Vibhushan ၊ Padma Bhushan နှင့် Padma Shri တို့ ဖြစ်ကြသည်။

လူမှုဆိုင်ရာ လုပ်ဆောင်မှု၊ အများပြည်သူဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်မှု၊ သိပ္ပံနှင့် အင်ဂျင်နီယာလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း၊ ဆေးဘက်ဆိုင်ရာ၊ စာပေ နှင့် ပညာရေး၊ အားကစား၊ အစိုးရလုပ်ငန်း အစရှိသဖြင့် အမျိုးမျိုးသော ကျင့်ဝတ် စည်းကမ်းများ၊ လုပ်ဆောင်မှု နယ်ပယ် အသီးသီးတို့အောက်တွင် အဆိုပါ ဆုများကို ချီးမြှင့်ပေးအပ်လေ့ရှိသည်။

Padma Vibhushan ဆုကို နိုင်ငံအတွက် သူမတူအောင် ထူးချွန်ပြောက်မြောက် အောင်မြင်စွာ စွမ်းဆောင် ပေးနိုင်မှုအတွက် ချီးမြှင့်ပေးအပ်သည်။ Padma Bhushan ဆုကိုမူ သက်ဆိုင်ရာ နယ်ပယ်တစ်ခုခုတွင် နိုင်ငံသားတစ်ဦးက မြင့်မားသည့် အဆင့်တစ်ခုဖြင့် ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်ပေးနိုင်မှုအတွက် ချီးမြှင့်ပေးအပ်ခြင်း ဖြစ်သည်။ Padma Shri ဆုမှာ မည်သည့်နယ်ပယ်မှမဆို ဂုဏ်သိက္ခာရှိစွာ အောင်မြင်အောင် စွမ်းဆောင်နိုင်မှုအတွက် ချီးမြှင့်ပေးအပ်သည်။

အဆိုပါ ဆုများကို နှစ်စဉ်နှစ်တိုင်း အိန္ဒိယသမ္မတနိုင်ငံနေ့တွင် ကြေညာပြီး အိန္ဒိယသမ္မတ ကိုယ်တိုင် ချီးမြှင့်ပေးအပ်ခြင်း ဖြစ်သည်။

ဒေါက်တာသန့်မြင့်ဦးသည် အများပြည်သူဆိုင်ရာ ကိစ္စရပ်များကို ထမ်းဆောင်နိုင်မှုအတွက် ယခုကဲ့သို့ Padma Shri ပဒုမ္မာသီရိ ဆုကို ချီးမြှင့်ပေးအပ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Mizzima - News in Burmese

0 comments:

Post a Comment