Tuesday, January 30, 2018

ဝန်ထမ်းလောက ရွှေခေတ်ရောက်ရှိလာရန် ဝန်ထမ်းများကိုယ်တိုင် အစိုးရနှင့်အတူ ဝိုင်းဝန်းကြိုးပမ်းရန်လို ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြား


ဝန်ထမ်းများအနေဖြင့် အစိုးရနှင့်အတူ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှ သာလျှင် ဝန်ထမ်းလောက ရွှေခေတ် ရောက်ရှိလာရန် မျှော်လင့် နိုင်မည် ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ဇန်န၀ါရီ ၂၉ ရက်တွင် ပြောကြားသည်။
 
"အဓိက ကျွန်တော်တို့မှာ ပြောချင်တာက ဝန်ထမ်းတွေရဲ့ ခေတ် တစ်ခေတ်ကို ပြန်လည် ထူထောင်ရပါမယ်။ တစ်ချိန်တစ်ခါ ကျွန်တော်တို့ ငယ်ဘဝက မိသားစုတွေက စီးပွားရေး လုပ်နေရင် ကိုယ့်သားသမီးကို ဝန်ထမ်း ဖြစ်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဝန်ထမ်းဆိုတာ ဂုဏ်ရှိပါတယ်။ တကယ့်ကို ဒီလိုရုံးမှာ လုပ်နေတဲ့ လူတစ်ယောက်က မြို့ပိုင်တွေ တောင် ဖြစ်ပါတယ်။သူ့မှာ ဂုဏ်သိက္ခာလည်းရှိတယ်။ သူ့ဘဝအတွက် ပြည့်စုံလုံလောက်တဲ့ အခြေအနေလည်း ရှိတယ်။ အခုအခါမျိုးမှာ ကျွန်တော်တို့ကို နိုင်ငံတော်ပေးထားတဲ့ လစာဆိုတာ ဝန်ထမ်းတွေအတွက် အခက်အခဲရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံ့ ဝန်ထမ်းလစာ တိုးမြှင့်ဖို့ ဆိုတဲ့ နေရာမှာ ဘတ်ဂျက်လိုအပ်နေတာတွေ များစွာရှိတယ်၊ ငွေကြေး ဖောင်းပွမှုတွေ တိုးမဖြစ်လာဖို့နဲ့၊ ငွေရေး ကြေးရေး ကျပ်တည်းမှု တွေကို ကျော်လွှားနိုင်ဖို့အတွက် ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းတွေ၊ ဘဏ္ဍာရေးမူဝါဒတွေ ငွေကြေးမူဝါတွေကို ထိန်းညှိပြီး ဆောင်ရွက်နေရတာ ဖြစ်တဲ့အတွက် ဝန်ထမ်းတွေ မှာ အခုအချိန်ကာလမှာ တက်ညီလက်ညီနဲ့ အစိုးရနဲ့အတူ ရုန်းကန်ဖို့ လိုအပ်တယ်လို့ ကျွန်တော် ဒီနေရာမှာ ပြောချင်ပါတယ်" ဟု ဝန်ကြီးချုပ်ကပြောသည်။

မှော်ဘီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့တွင် ပြုလုပ် သည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က ယင်းသို့ပြောကြားခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီးအစိုးရ အဖွဲ့က သတင်းထုတ်ပြန်သည်။

"ကျွန်တော်တို့ အားလုံးဟာ တစ်လှေတည်းစီး၊ တစ်ခရီးတည်း သွားကြရမယ့်လူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရဟာ တိုင်းဒေသကြီးဆိုတဲ့ လှေကြီးကို ပဲ့ကိုင်ပြီး မောင်းနှင်ရမှာ ဖြစ်ပါတယ်။ ဒီမှာအားလုံးက တက်ညီလက်ညီနဲ့ ဝိုင်းလှော်မှ ကျွန်တော်တို့ မျှော်မှန်းတဲ့ ဝန်ထမ်းတွေရဲ့ ရွှေခေတ်ဖြစ်တဲ့ ဒီမိုကရေစီ ခေတ်ကြီးကို မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေ အားလုံးဟာ ဂုဏ်သိက္ခာနဲ့ နေနိုင်အောင် ကျွန်တော်တို့ ဖန်တီးပေးရမှာ ဖြစ်ပါတယ်" ဟု ဝန်ကြီးချုပ် ကပြောသည်။

ထို့အတူ အစိုးရဘက်မှ စီမံကိန်းများ၊ ကုမ္ပဏီများ ငွေကြေးရှာဖွေနိုင်မှုများတွင် ကြိုးစားနေသော်လည်း ချက်ချင်းလက်ငင်း အကျိုးအမြတ် ရနိုင်ခြင်းတော့ မရှိသေးကြောင်း၊ သုံးနှစ်လေးနှစ် ခန့် အချိန်ယူ တည်ဆောက်ရမည်ဖြစ်ပြီး ယခုအချိန်တွင် ၂ နှစ်ခန့်အချိန်ယူကာ ကျွမ်းကျင်သည့် ပညာရှင်အဆင့်များဖြင့် ဆောင်ရွက် နေသည့်အတွက် စီမံကိန်းများ ရေးဆွဲမှုအပိုင်း ပြီးမြောက်ပြီဖြစ်ပြီး လွှတ်တော်များတွင်လည်း တင်ပြထားကာ မြေပြင်တွင် လုပ်ငန်းအကောင်အထည်ဖော်ရန် အတွက် ၂၀၁၈ ခုနှစ်အတွင်း၌ ဆောင်ရွက် မည် ဖြစ်ကြောင်း ယင်းသို့ဆောင်ရွက်ပြီးပါက ဝန်ထမ်းများ၏ဘဝကို မြှင့်တင်နိုင်သည့် စီမံကိန်းများကို ထပ်မံရေးဆွဲရမည် ဖြစ်ကြောင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

The Ladies News

0 comments:

Post a Comment