Monday, January 29, 2018

ထိုင်းနိုင်ငံအပန်းဖြေကမ်းခြေများတွင် ဆေးလိပ်သောက်ခွင့် ပိတ်ပင်မည်ဖြစ်၍ မြန်မာနိုင်ငံသားများကို သံရုံးသတိပေး


ထိုင်းနိုင်ငံရှိ အပန်းဖြေ ကမ်းခြေများတွင် ဆေးလိပ် သောက်မှု ပိတ်ပင်မည်ဖြစ်၍ တားမြစ်ချက်များကို ချိုးဖောက်ပါ က ဒဏ်ငွေအပြင် ထောင်ဒဏ် တစ်နှစ်အထိ ကျခံရမည်ဖြစ်၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများ လိုက်နာရန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတို့က အသိပေးချက် ထုတ်ပြန်သည်။
ဇန်နဝါရီ ၃၁ ရက်မှစ၍ ထိုင်းနိုင်ငံရှိ အပန်းဖြေကမ်းခြေ ၂၁ ခုတွင် ဆေးလိပ်သောက်မှု ပိတ်ပင်ခြင်းအပြင် ဆေးလိပ် အကြွင်းအကျန်များကို သတ်မှတ် ထားသည့် နေရာများ၌ စနစ် တကျ စွန့်ပစ်ခြင်းမပြုပါကလည်း အရေးယူခံရမည်ဟု ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးဌာနက အသိပေး ချက် ပေးပို့ထားကြောင်း ယမန် နေ့က ထုတ်ပြန်သည်။

တားမြစ်ချက်များကို ချိုး ဖောက်ပါက ထောင်ဒဏ်တစ်နှစ် အထိ (သို့မဟုတ်) ငွေဒဏ် ဘတ် တစ်သိန်း(ကျပ် ၄၂သိန်း) (သို့ မဟုတ်) နှစ်ခုပေါင်း ကျခံရမည် ဟု သိရသောကြောင့် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများ သိရှိ လိုက်နာနိုင်ရန် အသိပေးအပ် ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘‘ထိုင်းနိုင်ငံခြားရေးက အသိ ပေးလာလို့ ကျွန်တော်တို့လည်း မဖြစ်သင့်တာတွေ မဖြစ်ရအောင် အသိပေးရ တာပေါ့။ သူများနိုင်ငံ မှာနေရင် သူ့ဥပဒေကို လေးစား လိုက်နာကြရမယ်။ သူ့ဥပဒေကိုလည်း သိနားလည်ရ မယ်။ အဲဒါ ကြောင့် ထုတ်ပြန်ပေးရတာ’’ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံအမတ်ကြီး ဦးမျိုးမြင့်သန်းက ပြောသည်။

ထိုင်းနိုင်ငံရှိ နာမည်ကြီး ကမ်းခြေများဖြစ်သော ဖူးခက်၊ ကော့စမွေ၊ လိပ်ကျွန်း၊ ပတ္တရား စသည့်ကမ်းခြေများရှိ စား သောက်ဆိုင်များ၊ ဟိုတယ်များ နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ တွင် မြန်မာလုပ်သား အများ အပြား အလုပ်လုပ်ကိုင်နေသည်။

‘‘ဒီလိုကြေညာပေးတော့ ဆင်ခြင်လို့ရတာပေါ့။ မဟုတ်ရင် ဒဏ်ငွေရော၊ ထောင်ဒဏ်ရော မနည်းဘူး။ ကျွန်တော်တို့ လုပ်သားတွေက သတိပေးထားမှ၊ မဟုတ်ရင် အဖမ်းခံရနိုင်တယ်’’ဟု ကော့စမွေကမ်းခြေ တွင် အလုပ်လုပ်နေသော ကိုမြတ်သူက ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံ၌ တရားဝင်လုပ်ကိုင်ခွင့်ရရှိရေး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI)ပြုလုပ်ရန် မြန်မာလုပ်သား လေးသိန်းခွဲကျော် ကျန်ရှိနေသဖြင့်အမြန်ဆုံးလာရောက်ပြုလုပ်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိရုံးက သတိပေးသည်။

ထိုင်းနိုင်ငံတွင် ယာယီအလုပ်လုပ်ကိုင်ခွင့် လက်မှတ် (TR-38)၊ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံး သူများနှင့် ထိုင်းနိုင်ငံ အလုပ်သမားဌာန၌ မှတ်ပုံတင်ထားသည့် အထောက်အထားမဲ့ နေထိုင်သော မြန်မာ လုပ်သားများအနက် ကိုးသိန်းကျော်သည် CIလက်မှတ်များလာရောက်ပြုလုပ်ထားပြီး မြန်မာလုပ်သားလေး သိန်းခွဲကျော် ကျန်ရှိနေ၍ သတိပေးနှိုးဆော်ခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦး ကပြောကြားထားသည်။

7Day

0 comments:

Post a Comment