Saturday, January 27, 2018

ပညာရေးစနစ်အတွင်းမှ လူမိုက်ကြီးနှစ်ဦး အလိုမရှိဟု ရေးသား၍ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ချုပ်နှင့် ရတနာပုံတက္ကသိုလ်ပါချုပ်တို့ အမည်နှင့်ဓာတ်ပုံများပါဝင်သော ပိုစတာများ မန္တလေးမြို့ လူစည်ကားရာနေရာအချို့တွင် လိုက်လံချိတ်ဆွဲခဲ့ကြောင်း သိရ


မန္တလေးမြို့တွင် ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၂၇ ရက် နံနက်ပိုင်းက ပညာရေးစနစ်အတွင်းမှ လူမိုက်ကြီးနှစ်ဦး အလိုမရှိဟုရေးသား၍ အဆင့်မြင့်ပညာဦးစီးဌာန ဒုညွှန်ချုပ်နှင့် ရတနာပုံ တက္ကသိုလ်ပါချုပ်၏ အမည်နှင့်ဓာတ်ပုံများ ပါဝင်သော ပိုစတာများ မန္တလေးမြို့ လူစည် ကားရာနေရာအချို့တွင် လိုက်လံချိတ်ဆွဲမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့ကတော့ ဘယ့်နှယ့်မှ မနေပါဘူး။ ဒီရက်ပိုင်း ကျွန်တော်တို့ ကျောင်းသားတွေ ဆန္ဒပြကတည်းက နေ့တိုင်း အဆဲခံနေရတာပါ။ ဒီကျောင်းထဲမှာ နေ့တိုင်း အဆဲခံနေရတာပါ။ အခုလည်း အတူတူပါပဲ။ ဘာမှ မဖြစ်ပါဘူး။ ကျွန်တော်တို့ အလုပ်ကို ကျွန်တော်တို့ ဆက်လုပ်နေရုံပါပဲ။ တက္ကသိုလ်မှာလည်းကပ်တယ်။ မြို့တော် ခန်းမရှေ့မှာလည်း ကပ်တယ်။ တရားစွဲဆို သွားဖို့လည်း မရှိပါဘူး” ဟု အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ချုပ် ဒေါက်တာအောင်အောင်မင်းက ပြောကြားသည်။

အဆိုပါ ပိုစတာတွင် “ပညာရေးစနစ်အတွင်းမှ လူမိုက်ကြီး (၂) ဦးဟု ခေါင်းစဉ်တပ်ကာ တိုင်းပြည်ကောင်းကျိုးကိုရှေးရှု၍ တိုင်းပြည်၏ အဓိကကျသော ပညာရေးစနစ် လိုအပ်ချက်များကို ကိုယ်ကျိုးစွန့်ကာ ဆောင်ရွက်လျက်ရှိသော ကျောင်းသားလူငယ်များ အပေါ်တွင် စဉ်းလဲကောက်ကျစ်သော ထိုပုဂ္ဂိုလ် (၂)ဦးအား ကျွန်ုပ်တို့တိုင်းပြည်မှ အလိုမရှိပေ” ဟု ရေးသားထားပြီး အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းပုံနှင့် ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်၏ပုံတို့ကို ဖော် ပြထားကြောင်း၊ ပိုစတာများကို မန္တလေးမြို့ မြို့တော်ခန်းမ၊ ဈေးချိုနှင့် လူစည်ကားရာနေ ရာများတွင် လိုက်လံကပ်ထားသည်ကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၂၇ ရက် နံနက်က တွေ့ရကြောင်း၊ အဆိုပါကပ်ထားသော ပိုစတာ များကို သက်ဆိုင်ရာရပ်ကွက်ရုံးနှင့် တာဝန်ရှိသူများက သိမ်းဆည်းခဲ့ကြောင်း သိရသည်။

“သူတို့ကပ်တာက ဘယ်သူမှန်းလည်းမသိ။ ဘာကိုလုပ်မှန်းလည်း မသိဆိုတော့လေ။ Personal အရ မုန်းလို့လုပ်တာတော့ မတတ်နိုင်ဘူးပေါ့။ လောလောဆယ် ကျွန်တော့်မှာ အခြားကိစ္စလေးတွေလည်း ရှိနေသေးတော့ ဘယ်သူလုပ်တယ်ဆိုတာလည်း မသိရသေးတော့ ဒီအတိုင်းပဲထားတယ်။ ဘာလုပ်ရမလဲဆို တာ  Idea မရှိသေးပါဘူး။ ရတနာပုံကျောင်းရှေ့ လာကပ်တာတော့ ကျွန်တော် မတွေ့မိဘူး။ ကပ်လာရင်လည်း ဖယ်ထားလိုက်ရုံပဲ ရှိမှာပေါ့။ ဒါကတော့ သူတို့လည်းအားနေလို့ လိုက်ကပ်နေတယ်။ မုန်းတဲ့သူတွေကလည်း ရှိချင်ရှိနေ မှာပေါ့။ ဘယ်သူကပ်မှန်းလည်း ကျွန်တော်မသိဘူး” ဟု ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က ပြောကြားသည်။

ဇန်န၀ါရီ ၂၂ ရက် နံနက် ၉ နာရီမှ စတင်ကာ ၂၄ ရက်နေ့အထိ ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးအတွက် ဆန္ဒပြတောင်းဆိုသည့် ကျောင်းသားကျောင်းသူများကို ဇန်န၀ါရီ ၂၅ ရက် မနက် ၄ နာရီ ၁၅ မိနစ်က ကျောင်းဝင်း အတွင်းမှ ခေါ်ဆောင်ခံခဲ့ရပြီး စုစုပေါင်း ကျောင်းသားကျောင်းသူ ၇၂ ဦး ရှိခဲ့ကြောင်း၊ ၎င်းတို့ထဲမှ ရတနာပုံတက္ကသိုလ်၊ မိတ္ထီလာနည်းပညာတက္ကသိုလ်နှင့် ရမည်းသင်း နည်းပညာတက္ကသိုလ်များမှ ကျောင်းသားကျောင်းသူ ၂၆ ဦး(ပြင်ပ ကျောင်းသားနှစ်ဦးအပါအ၀င်) ဇန်န၀ါရီ ၂၆ ရက်တွင် ကျောင်းမှ ထုတ်ပယ် လိုက်ပြီး ကျန်ရှိသည့်ကျောင်းများမှလည်း ၎င်းတို့၏ ကျောင်းသားများကို ကျောင်းမှ ထုတ်ပယ်မည်ဖြစ်ကြောင်း ကနဦး သတင်းများ ထွက်ပေါ်ပြီး နောက်တစ်နေ့တွင် ယခုကဲ့သို့ ပိုစတာများ မန္တလေးမြို့ လူစည်ကားရာနေရာ အချို့တွင် လိုက်လံချိတ်ဆွဲ မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment