Sunday, January 28, 2018

ထရမ့်နှင့် အိမ်ဖြူတော်အကြံပေး ကတောက်ကဆဖြစ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်


၂၀၁၆ အမေရိကန်သမ္မတရွေးပွဲတွင် ရုရှားတို့ ကြားဝင်ခြေရှုပ်မှုကို စုံစမ်းစစ်ဆေးနေသည့် အထူးကောင်စီကို ဖယ်ရှားပစ်ရန် ကြိုးစားခဲ့သည်ဆိုသော အချက်ကို သမ္မတထရမ့်က ငြင်းဆိုလိုက်ပြီး နောက် အိမ်ဖြူတော် အကြံပေး ဒေါ်နယ်မက်ဂန်းက ငြီးငွေ့လာပြီဖြစ်သောကြောင့် အလုပ်ထွက်မည်ဟု ဇွန်လက ခြိမ်းခြောက် ခဲ့ကြောင်း အတွင်းသိတစ်ဦးက ပြောကြားသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
မက်ဂန်းက အမိန့်ကို လိုက်နာနေရခြင်းထက် အလုပ်ထွက်လိုကြောင်း ပြောကြားခဲ့ပြီးနောက် သမ္မတ ထရမ့်က အထူးစုံစမ်းရေးအရာရှိ ရောဘတ်မူလာကို ထုတ်ပယ်မည့်အမိန့်ကို နောက်ပြန်ဆုတ်လိုက်သည်ဟု အတွင်းသိလေးဦးက ပြောကြားကြောင်း ကြာသပတေးနေ့ထုတ် နယူးယောက်တိုင်းမ်တွင် ဖော်ပြထား သည်။

သောကြာနေ့တွင် ထရမ့်က ထိုသတင်းကို ငြင်းဆိုလိုက်သည်။

ကမ္ဘာ့ စီးပွားရေးညီလာခံ ကျင်းပနေသော ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် သတင်းထောက်များက ထိုသတင်းကို မေးမြန်းခဲ့ကြရာ “အလိမ်အညာ သတင်းတွေပါ”ဟု ထရမ့်က ပြောကြားခဲ့သည်။

အကယ်၍ မူလာကို ထရမ့်က ဖြုတ်ပစ်လိုက်ပါက သမ္မတ၏ ကိုယ်ကျင့်တရားအပေါ် စစ်ဆေးမှုကို ပိတ်ဆို့သည်ဟူသောအချက် ခိုင်မာသွားလိမ့်မည်ဟု ဥပဒေကျွမ်းကျင်သူများက မှတ်ချက် ပေးသည်။

မူလာကိုဖယ်ရှားပစ်ရန် ထရမ့်က ကြိုးစားခဲ့မှုတွင် မူလာသည် မေလက ထုတ်ပယ်ခံရသော FBI ညွှန်မှူး ဂျိမ်းကိုမေနှင့်ရင်းနှီးခြင်း၊ ၂၀၁၁ ခုနှစ်တွင် အခကြေးငွေကိစ္စ အငြင်းပွားကာ ထရမ့်၏ ဂေါက်ကလပ်မှ မူလာနုတ်ထွက်ခဲ့ဖူးခြင်း စသည့်အချက်များ ဆက်နွှယ်နေသည်ဟု အတွင်းသိတစ်ဦးက Reuters သို့ ပြောကြားသည်။

အထူးစုံစမ်းရေးအရာရှိ မူလာနှင့် ၎င်းကို ခန့်အပ်သူ ဒုတိယရှေ့နေချုပ် ရိုဆင်စတိန်းတို့အကြား ပဋိပက္ခဖြစ် ပွားမှုများသည် မူလာကို ထုတ်ပယ်ရန် လုံလောက်သော အကြောင်းရင်းများ ဖြစ်သောကြောင့် ထိုကိစ္စကို ရှေ့တန်းတင်ဖော်ပြရန် ထရမ့်က မက်ဂန်းကို ညွှန်ကြားခဲ့သော်လည်း မက်ဂန်းက ထိုကိစ္စကို မဖော်ပြပဲ ထိုသို့လုပ်ရန် ဖိအားပေးနေပါက အလုပ်မှ ထွက်တော့မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု သတင်းပေးသူ အတွင်းသိက ပြောကြားသည်။

အကြံပေးရှေ့နေ မက်ဂန်းက ထိုသို့ ခြိမ်းခြောက်မှုကို သမ္မတထံ တိုက်ရိုက်ပြောခြင်းမဟုတ်ဘဲ အိမ်ဖြူတော် အရာရှိချုပ် ရင်ဆီပရိုင်းဘတ်စ်နှင့် ထိုစဉ်က အိမ်ဖြူတော် မဟာဗျူဟာအကြံပေး စတိဗ်ဘန်နွန်တို့အား ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ထရမ့်နှင့်မက်ဂန်းတို့အကြား အသေးစိတ်ဆွေးနွေးမှုများကို ပရိုင်းဘတ်စ်နှင့်စတိဗ်ဘန်နွန်တို့ မသိခြင်း လည်း ဖြစ်နိုင်သည်ဟု အတွင်းသိက ဆိုသည်။

သတင်းကိုအတည်ပြုဖို့ မေးမြန်းရန် မက်ဂန်း၊ ပရိုင်းဘတ်စ်နှင့် ဘန်နွန်တို့ကို ဆက်သွယ်၍ မရပေ။ မူလာ၏ ပြောရေးဆိုခွင့်ရှိသူ ပီတာကားရ်ကလည်း ထိုသတင်းကို မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

မူလာ၏ စုံစမ်းစစ်ဆေးမှုတွင် သမ္မတကိုယ်စားပြုပူးပေါင်းဆောင်ရွက်နေသူအိမ်ဖြူတော်ရှေ့နေ တိုင်းကော့ပ် ကလည်း မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

အထူးစုံစမ်းရေးအဖွဲ့သည် ထရမ့်က FBI ညွှန်မှူး ဂျိမ်းစ်ကိုမေအား ထုတ်ပယ်ခြင်းဖြင့် တရားစီရင်မှုကို ပိတ်ဆို့ခဲ့သလား ဆိုသောအချက်ကို အခြားသက်သေများအား မေးမြန်းခဲ့သည်ဟု သတင်းများအရ သိရှိရသည်။

ထိုသို့ တရားစီရင်မှုကို ပိတ်ဆို့ခြင်းကို ရည်ညွှန်းလိုပါက ဖက်ဒရယ်ဥပဒေအရ အစိုးရရှေ့နေများသည် သံသယရှိသူ၏ ကိုယ့်ကိုယ်ကိုယ် (သို့) နီးစပ်သူများကို ကာကွယ်ရန် ကိုယ်ကျင့်တရား ဖောက်ဖျက်ကာ မလျော်မကန်ပြုမူခဲ့ခြင်းကို သက်သေပြရန် လိုအပ်သည်။

ချီကာဂိုမှ ဖက်ဒရယ်အစိုးရ ရှေ့နေဟောင်း ရီနာတိုမာရီယော့တီက သမ္မတထရမ့်သည် ဂျိမ်းစ်ကိုမေးကို ထုတ်ပယ်ခြင်းကြောင့် တရားစီရင်မှု ပိတ်ဆို့ခြင်းအဖြစ် သံသယရှိခြင်းခံနေရသည့်ကြားမှ မူလာကို ထပ်ဖြုတ်ရန် ဆက်လုပ်နေပါက ထိုယူဆချက် ပိုမိုခိုင်မာသွားလိမ့်မည်ဟု မှတ်ချက်ပေး ပြောဆိုသည်။

The Voice

0 comments:

Post a Comment