Tuesday, January 23, 2018

လှိုင်သာယာတွင် ကျူးကျော်တဲ အလုံး ၇၀ ခန့်မီးလောင်၊ တစ်ဦးသေဆုံး


လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄)၊ ရန်ကုန်-ပုသိမ်လမ်းမကြီးဘေးရှိ ကျူးကျော်တဲ အိမ်တစ်လုံးတွင် ဇန်နဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က မီးသွေးမီးဖိုဖြင့် ရေနွေးအိုးတည်ပြီး အိပ်ပျော်သွားရာက စတင်မီးလောင်ခဲ့ပြီး ကျူးကျော်တဲ အိမ်အလုံး ၇၀ ခန့် မီးလောင်ဆုံးရှုံးကာ အမျိုးသားတစ်ဦး မီးလောင်သေ ဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယင်းမီးလောင်မှုကြောင့် အလျား ပေ ၂၅၀၊ အနံပေ ၈၀ ခန့် အကျယ်အဝန်းရှိ မြေကွက်ပေါ်တွင် ဆောက် ထားသော အနံ ၈ ပေ၊ အလျား ၁၅ ပေခန့်ရှိ ကျူးကျော်တဲအိမ် အလုံး ၇၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် ဘယ်၊ညာ လက်မောင်း၊ လက်ဖျံ မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“မီးလောင်သွားတဲ့ အိမ်ကလူတွေကို သောင်ကြားလေးဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ရေးစခန်းဖွင့်ထား တယ်။ မီးစလောင်တဲ့အိမ်က အဘိုးကြီးက လေဖျန်းထားတယ်၊ အိမ်မှာတစ်ဦးတည်းရှိတဲ့အချိန် ထင်းမီး နဲ့ရေနွေးအိုးတည်ပြီး အိပ်ပျော်သွားတာ၊ အဲဒီကနေမှ ထရံကို ကူးစက်လောင်တာ။ ကျူးကျော်တဲအိမ်တွေ ဆိုတော့ မီးလောင်အားက ခဏဆိုပေမယ့် အကုန်ကုန်သွားတာ”ဟု လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ အသက် ၄၀ ကျော်အရွယ် ဦးမြသန်းက ရှင်းပြသည်။

ယင်းမီးလောင်ရာနေရာသို့ မီးငြှိမ်းသတ်ယာဉ် ၂၄ စီး၊ ကွက်ကဲမှုယာဉ် ၄ စီး၊ အထောက်အကူပြုယာဉ် ၉ စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၂၀၀ ကျော်မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နာရီဝက်ခန့်အကြာ မီးငြှိမ်းခဲ့ရပြီး မီးသွေးဖိုဖြင့် ရေနွေးအိုးတည်ပြီး အိပ်ပျော်သွားသည့် အသက် ၆၀ အရွယ် အမျိုးသားကို လှိုင်သာယာ မြို့မရဲ စခန်းက (ပ) ၃၁၅/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅/၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်တွင် မီးလောင်မှု အကြိမ်ပေါင်း ၂၄၀ ကျော်ဖြစ်ခဲ့ရာ ကျပ်သန်းပေါင်း ၃၈၀၀၀ ကျော်ဆုံးရှုံးခဲ့ပြီး လူ ၂၂ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းမီးလောင်မှုများတွင် ပေါ့ဆမီး ၁၁၈ ကြိမ်၊ လျှပ်စစ်မီး ၈၉ ကြိမ်၊ မီးဖိုမီး အကြိမ် ၂၀၊ အလိုအလျောက်မီး ၃ ကြိမ်၊ မသမာသူရှိုမီး ၉ ကြိမ်နှင့် မီးလောင်ရသည့် အကြောင်းအရင်းစုံစမ်းဆဲ တစ်ကြိမ်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

The Voice

0 comments:

Post a Comment