Sunday, January 28, 2018

ဆန္ဒပြသည့် ဗကသကျောင်းသား ၃၆ ဦးကို ကျောင်းထုတ်


ပညာရေး အသုံးစရိတ် တိုးမြှင့်သုံးစွဲရေး ဆန္ဒပြသည့် ဗကသကျောင်းသား၊ ကျောင်းသူ ၇၂ ဦးပါဝင်သည့် အနက် ၃၆ ဦးကို သက်ဆိုင်ရာ တက္ကသိုလ် အုပ်ချုပ်ရေး တာဝန်ရှိသူများက ကျောင်းထုတ်ပယ်လိုက် ပြီဖြစ်ကြောင်း ကျောင်းထုတ်ခံရသည့် ကျောင်းသားများထံမှ သိရှိရသည်။
ဇန်နဝါရီလ ၂၈ ရက်ထိစာရင်းအရ ရတနာပုံ တက္ကသိုလ်မှ ၁၄ ဦး၊ မိတ္ထီလာ စီးပွားရေး တက္ကသိုလ်မှ ၆ ဦး၊ ရမည်းသင်း နည်းပညာတက္ကသိုလ်မှ ၁၁ ဦးနှင့် မိုးညှင်း ဒီဂရီကောလိပ်မှ ၄ ဦး စုစုပေါင်း ၃၆ ဦးကို ကျောင်း မှထုတ်ပယ်ပြီးဖြစ်ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂထံမှ သိရှိရသည်။

ကျောင်းထုတ်ပယ်ခံရသော ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုရဲမျိုးဆွေက “ခုက စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်နေတော့ နောက်ထပ် ဘယ်လောက်ထုတ်မယ်ဆိုတာမသိရသေးဘူး။ တနင်္လာနေ့ မှ သိရမယ်”ဟု ပြောကြားသည်။

ကျောင်းသားများ ကျောင်းထုတ်ခံရခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ပညာရေးဝန်ကြီးဌာနနှင့် အဆင့်မြင့်ပညာ ဦးစီးဌာနတို့အနေနှင့် ထုတ်ပယ်ခံရသော ကျောင်းသားများ ကျောင်းပြန်တက်ခွင့်ရရေး အမြန်ဆုံး ဆောင်ရွက်ပေးရန်တောင်းဆိုသော သဘောထား ကြေညာချက် တစ်စောင် ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဆရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက “လောလောဆယ်တော့ ဒါက ကျွန်တော်တို့ အလုပ်နိုင် ဆုံးအရာပေါ့။ ကျွန်တော်တို့က အာဏာပိုင်အဖွဲ့လည်း မဟုတ်ဘူးလေ။ ဒါကြောင့် အတတ်နိုင်ဆုံးတော့ ညှိနှိုင်းမှုလေးတွေ၊ တောင်းဆိုမှုလေးတွေ လုပ်ပေးတာပါ”ဟု ပြောကြားသည်။

ဆရာအဖွဲ့ချုပ်အနေနှင့် ကျောင်းသားများ ကျောင်းထုတ်ခံရခြင်းကို တောင်းဆိုမှုသာ လုပ်နိုင်ပြီး လိုအပ်ပါက ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံတောင်းဆိုမည်ဖြစ်ကြောင်း ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောကြားသည်။

“ဒီလိုကျောင်းထုတ်တာက ကျောင်း အာဏာပိုင်တင်မကပါဘူး။ အစိုးရရဲ့ အပြောင်းအလဲ တစ်ခုလုံးမှာ ဖြေရှင်းနိုင်တဲ့ အကြောင်းရှိတယ်။ ချက်ချင်း ကျောင်းထုတ်လိုက်တဲ့ဟာကျတော့ အဆင်မပြေပါဘူး”ဟု ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောကြားသည်။

အဆင့်မြင့်ပညာဦးစီးဌာနတာဝန် ရှိသူတစ်ဦးကမူ ဆန္ဒပြကျောင်းသားများကို ကျောင်းထုတ်ခြင်းသည် တက္ကသိုလ် ဝင်ခွင့်လမ်းညွှန် စာအုပ်တွင်ပါရှိသည့် ကျောင်းစည်းမျဉ်းစည်းကမ်းများအတိုင်း ကျောင်းတာဝန် ရှိသူများ၏ စီမံခန့်ခွဲမှုဖြင့် အရေးယူခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုအရေးယူသည့် ပြစ်မှုများသည် ကျောင်းသားများ ပြောဆိုနေသည့်အတိုင်း ပယ်ဖျက်ပြီးသည့် နိုင်ငံရေး ဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအရ ကျောင်းထုတ်ခြင်းမဟုတ်ဘဲ ၂၀၁၇ ခုနှစ် တက္ကသိုလ် ဝင်ခွင့်လမ်းညွှန်တွင် ပါရှိသည့် အကျင့်စာရိတ္တပိုင်းဆိုင်ရာ စည်းကမ်းများနှင့် ပြစ်မှုပြစ်ဒဏ်များအရ အရေးယူခြင်းဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောကြားသည်။

ဇန်နဝါရီလ ၂၂ ရက်မှ ၂၄ ရက်ထိ ရတနာပုံ တက္ကသိုလ်ဝင်းအတွင်း ဆန္ဒဖော်ထုတ်ခဲ့သော ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ် ဝင်ခွင့်လမ်းညွှန်ပါ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ ဖောက်ဖျက်ကျူးလွန်သဖြင့် သင်တန်းမှရပ်စဲကြောင်း တက္ကသိုလ်ပါမောက္ခချုပ်ကိုယ်စား သင်တန်းရေးရာဌာနမှူး လက်မှတ်နှင့်အတူ ဇန်နဝါရီလ ၂၆ ရက်မှစ၍ ကျောင်းမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

“ရတနာပုံနဲ့ ရမည်းသင်း နည်းပညာတက္ကသိုလ်က စာထုတ်တယ်။ မိတ္ထီလာက စာထွက်တာ နည်းနည်း နောက်ကျလို့။ ပါချုပ်နဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွေဆီ ကျွန်တော်တို့ ဖုန်းဆက်မေးပြီး အတည်ပြုချက်ယူလို့ ကျွန်တော်တို့သိရတာ”ဟု မိတ္ထီလာနည်းပညာ တက္ကသိုလ်မှ ကျောင်းထုတ်ခံရသော ကျောင်းသား ကိုပြည့်စုံ က ပြောကြားသည်။

ဆန္ဒပြကျောင်းသားများကို ကျောင်းထုတ်ပယ်ခြင်းနှင့်ပတ်သက်၍ တက္ကသိုလ်ဆရာ၊ ဆရာမအသင်းများ ကိုယ်စားပြုကော်မတီ၊ မွေးမြူရေး/ ဆေး၊ သစ်တော၊ ရေဆင်းစိုက်ပျိုးရေး၊ မန္တလေး ဆေးတက္ကသိုလ်နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ စသည့် အဖွဲ့အစည်းများနှင့် သမဂ္ဂအသီးသီးမှ ကန့်ကွက်ရှုတ် ချကြောင်းနှင့် ကျောင်းသားများကို ကျောင်းပြန်တက်ခွင့်ပြုရန် တောင်းဆိုထားသည်။

The Voice

0 comments:

Post a Comment