Wednesday, January 24, 2018

ဆရာတော် ဦးပါမောက္ခအမှု နှစ်ဖက်လျှောက်လဲချက် ပေးရမည်


ဆရာတော် ဦးပါမောက္ခအပေါ် စွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ ဇန်နဝါရီလ ၃၁ ရက်နေ့ ရုံးချိန်းတွင် နှစ်ဖက် လျှောက်လဲချက်ပေးရမည်ဖြစ်ကြောင်း ဆရာတော်၏ တပည့်ရင်း ဦးအောင်မြိုင်ထံမှ သိရသည်။
၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင်ပါရှိသည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများကို ရိုဟင်ဂျာလူမှုအသိုက်အဝန်းဟု သုံးနှုန်းဖော်ပြခဲ့မှုအပေါ်ကန့်ကွက်ကြောင်း အမေရိကန် သံရုံးရှေ့ ဆန္ဒထုတ်ဖော်ခဲ့သဖြင့် ကမာရွတ်မြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ကာ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် မွန်းလွဲပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ မြေယာကိစ္စနှင် ပတ်သက်၍ ဆန္ဒဖော်ထုတ်ရန် လာရောက်စဉ် ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလ ၂၁ ရက်နေ့က ငြိမ်းစုစီပုဒ်မ (၁၉) ဖြင့် ထောင်ဒဏ်တစ်လချမှတ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲထားသည့် အပေါ် ဆက်လက် စစ်ဆေးနေခြင်းဖြစ်သည်။

“ဒီနေ့က တရားလိုပြသက်သေဖြစ်တဲ့ အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးနဲ့ ရဲတပ်ကြပ် ခင် မောင်ထွန်းကို စစ်တယ်။ အဲဒါဆိုတော့ တရားလိုပြ သက်သေအဖြစ် တင်ပြထားတဲ့ သက်သေ ၆ ဦး စစ်ဆေးပြီးပြီ၊ လာမယ့် ၁၁ ကြိမ်မြောက် ရုံးချိန်းမှာ နှစ်ဖက်လျှောက်လဲပေးရမှာ၊ ဆက်လက် တရားစွဲသင့် မသင့်ပေါ့။ ဆရာတော်အပေါ် စွဲထားတဲ့ တရားလိုလက်မှတ် မှန်ကန်မှု မရှိတာရယ်၊ တရားလိုပြ သက်သေတွေ ရဲ့ ထွက်ဆိုချက်ကိုထောက်ပြီး ပိတ်သိမ်းပေးဖို့ တင်ပြဖို့ရှိပါတယ်”ဟု ၎င်းက ပြောကြား သည်။

ယင်းဆန္ဒပြမှုနှင့်ပတ်သက်၍ ကမာရွတ်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က မြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားတရားစွဲဆိုခဲ့ ပြီး လူပုဂ္ဂိုလ်များဖြစ်သည့် ဦးဝင်းကိုကို လတ်၊ ဦးနောင်တော်လေး (ခ)နိုင်ဝင်း ထွန်း၊ ဦးနေဝင်းအောင်နှင့်ဦးသက်မျိုးဦး တို့ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) အရ အလုပ်နှင့်ထောင်ဒဏ် ၆ လ၊ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ အရ အလုပ်နှင့်ထောင်ဒဏ် တစ်လကျခံစေရန် အမိန့်ချမှတ်ထားပြီး ဆရာတော် ဦးဉာဏဓမ္မ၊ ဦးသုစိတ္တတို့မှာ ယနေ့အထိ ဖမ်းဆီးခံရခြင်းမရှိဘဲ လွတ်မြောက်နေဆဲဖြစ်သည်။

The Voice

0 comments:

Post a Comment