Sunday, January 28, 2018

YBS ယာဉ်လိုင်းအားလုံး အရှုံးပေါ်


YBS စနစ်တွင် အများပိုင်ယာဉ်လိုင်းအဖြစ် ပြေးဆွဲနေသည့် ယာဉ်လိုင်းအားလုံး အရှုံးပေါ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
“YBS တစ်နှစ်အတွင်း လုံးဝ အမြတ် မရှိပါဘူး။ ပိုသေချာတာက ကားသစ်နဲ့ ပြေးတဲ့ကုမ္ပဏီ ဘယ်ကုမ္ပဏီမှ မမြတ်ပါဘူး”ဟု ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီ YBPC ဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ဆိုသည်။

ယာဉ်အသစ်များဖြင့် ပြေးဆွဲခြင်းမှာ ကုန်ကျစရိတ် အလွန်များနေပြီး လက်ရှိတွင် အမြတ်ငွေ မရှိသေးကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များ၏ လုပ်ငန်းလမ်းညွှန်များအရ သုံးနှစ်အတွင်း အမြတ်ငွေ မရရှိနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။

“လက်ရှိက YUPT, YBPC, Omni Focus ကုမ္ပဏီတွေက ပိုက်ဆံတော့ ရတယ်။ အမြတ်ငွေက မပေါ်သေး ဘူး”ဟု ၎င်းကဆိုသည်။

ယာဉ်လိုင်း ကုမ္ပဏီများအနေနှင့် အရှုံး၊ အမြတ် ရာခိုင်နှုန်း တွက်ချက်ခြင်းတွင် ခရီးသွားပြည်သူများ ယာဉ်စီးခ ဘယ်လောက်ပေးလဲအပေါ်မှာ အများကြီး မူတည်လျက်ရှိကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ YUPT တွင် ယာဉ်လိုင်း ၂၀ ကို ယာဉ်အသစ် ၇၄၀ စီးဖြင့် ပြေးဆွဲနေပြီး ရန်ကုန် ဘတ်စ်ကား အများပိုင်ကုမ္ပဏီ YBPC တွင် ယာဉ် လိုင်းခြောက်လိုင်းကို ယာဉ်အသစ် ၅၀၀ စီးကျော်၊ Omni Focus ကုမ္ပဏီတွင် ယာဉ်လိုင်း ငါးလိုင်းကို ယာဉ်အသစ် ၄၀၀ စီးကျော်ဖြင့် ပြေးဆွဲလျက်ရှိသည်။

“အရှုံးအမြတ်က နှစ်ပတ်လည်နေ့ မှပဲ အဖြေထွက်နိုင်မယ်။ အခုနေ ဘယ်လောက်ရှုံးနေပြီလို့ စာရင်း အတိအကျ မတွက်နိုင်သေးဘူး။ ကုမ္ပဏီကသက်တမ်းလည်း သိပ်မကြာသေးဘူးလေ။ YBPC ကုမ္ပဏီ ဆိုရင်တော့ ကြာပြီဆိုတော့ အရှုံး အမြတ်ကို တွက်နိုင်တာပေါ့”ဟု YUPT ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးမောင် မောင်လွင်က ဆိုသည်။

တိုင်းအစိုးရအဖွဲ့က ရင်းနှီးမြှုပ်နှံထားသည့် အများပိုင် ယာဉ်လိုင်းကုမ္ပဏီမှာ YUPT နှင့် YBPC ကုမ္ပဏီ တို့ဖြစ်ပြီး အရှုံး၊ အမြတ်နှင့်ပတ်သက်၍ ငွေစာရင်း ရှင်းတမ်းများ ရှင်းလင်းပေးရန် တောင်းဆိုနေသော ကျန်အများပိုင် ကုမ္ပဏီများ ရှိသဖြင့် အနှစ်ချုပ်အဖြစ် ရှင်းလင်းနိုင်ရန် စီမံထားကြောင်း တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

အရှုံးပေါ်နေသော အများပိုင် ကုမ္ပဏီများအနေနှင့် ပြည်သူကို အမှန်တကယ် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီဖြစ်ပါက အစိုးရက ထောက်ပံ့ပေးရန်လိုပြီး ယာဉ်လိုင်း ရေရှည်ရပ်တည်နိုင်ရန် အခြားပံ့ပိုးမှုများကိုပါ လုပ်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ပထမအဆင့်အနေနဲ့ ပြည်သူအတွက် တကယ်ကို ဝန်ဆောင်မှုကောင်းတဲ့ ဘတ်စ်ကားစနစ်ဖြစ်ဖို့က နံပါတ်တစ်ပါပဲ။ ဒုတိယက ရေရှည် တည်တံနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားမှာဖြစ်တယ်။ ဘတ်စ်ကားခက တစ်နေ့ကို ၄၀၀၊ ၈၀၀ ထက် ပိုလို့မရဘူး။ သွားလာစရိတ်က အခြေခံ လူတန်းစားအ တွက်ပဲ စဉ်းစားရတာ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီသည် ကျပ် ၁၃ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ယာဉ်လိုင်းငါးလိုင်းကို ယာဉ်အသစ် ၂၆၀ ကျော်ဖြင့် ပြေးဆွဲခဲ့ရာတွင် YBS စနစ် ကိုးလအတွင်း ကျပ်ကိုးဘီလီယံကျော် အရှုံးပေါ်နေကြောင်း အဆိုပါ ယာဉ်လိုင်း ကုမ္ပဏီထံမှ သိရသည်။

The Voice

0 comments:

Post a Comment