Thursday, January 18, 2018

ဒေါက်တာအေးမောင်နှင့် တွေ့ဆုံခြင်း


“တောင်ပိုင်းမှာ ဘင်္ဂါလီ ၆ ရွာကို ထားနိုင်ရေး အကောင်အထည်ဖော်နိုင်ဖို့ လူထုကို အာရုံလွှဲတာ”

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ရသေ့တောင်မြို့နယ်တွင် ပြုလုပ် ခဲ့သော ရခိုင့်ဘုရင့် နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း (၂၃၃) နှစ်ပြည့် ဝမ်းနည်းဖွယ် အထိမ်း အမှတ်ပွဲတွင် ဟောပြောခဲ့သော အကြောင်းအရာများကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံတော် ပုန်ကန်မှုနှင့် မတရားအသင်းဥပဒေတို့ဖြင့် အမှုဖွင့်ခဲ့သည်။ ယင်းနောက် ဇန်နဝါရီလ ၁၈ ရက် မွန်းလွဲပိုင်း၌ စစ်တွေမြို့ အိုးတန်းရပ်ကွက်ရှိ ၎င်း၏ နေအိမ်မှ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်၍ တရားရုံး၏ရမန်ဖြင့် ညနေပိုင်းတွင် စစ်တွေထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်သည်။ ဒေါက်တာအေးမောင် အဖမ်းမခံရမီ မိနစ်ပိုင်းအလိုတွင် The Voice က တွေ့ဆုံမေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြအပ် ပါသည်။
Voice : ဆရာ့ကို ရသေ့တောင်မြို့နယ်က ဟောပြောပွဲကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ စကားလုံးတွေ သုံးနှုန်းပြောဆိုခဲ့တာကြောင့် ၅၀၅ (ခ) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ ဒေါက်တာ့အနေနဲ့ ဘာများပြောချင်ပါသလဲ။
Dr. AM : နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်တဲ့စာသားလေးမှာ ဗမာကျွန် အဲဒါတွေ သုံးနှုန်းထား တာတွေရှိတယ်။ အဲဒါလည်း သူတို့ထုတ်ပြန်တဲ့ စာသားတွေက ကျွန်တော် မိနစ် ၃၀ လောက် ဟောပြောခဲ့တာကို လုံးကောက်ပြီး လိုချင်တဲ့ဟာတွေကို ဆွဲယူသွားတာဖြစ်တယ်။ ကျွန်တော် အဲဒီလိုမပြောဘူး၊ လိုရင်းကဗျာ ကျွန်တော်တို့ အင်္ဂလိပ်ကျွန်ဖြစ်ခဲ့တယ်။ ဗမာနိုင်ငံတစ်ခုလုံး အခု ပြည်တွင်းစစ်ရဲ့အရှိန်ဟာ နှစ်ပေါင်း ၇၀ ကျော်မှာ ပြည်တွင်းစစ်ဟာလည်း မြင့်တက်နေတယ်။ အဲဒီရဲ့ ဇာစ်မြစ် လွတ်လပ်တဲ့အရသာကို တန်းတူမခံစားရလို့ စစ်အရှိန်ဟာ မြင့်နေတယ်။ ကျွန်တော်တို့ တိုင်းရင်းသားရင်ထဲမှာ ဘယ်လိုဖြစ်နေလဲနော်၊ အဲဒီတော့ တိုင်းရင်းသားအားလုံးက ဗမာလူမျိုးတွေဆီမှာ ကျွန်ဖြစ်နေရတယ်လို့ ခံစားနေရရင် ဗမာတွေ ပြန်သုံးသပ်ဖို့လိုမယ်၊ ပြန်သုံးသပ်ရမယ့်ကာလ ဟုတ်မဟုတ် ကို ဆင်ခြင်နိုင်ဖို့လိုတယ်ဆိုတဲ့ နိုင်ငံရေးသီအိုရီကို ကျွန်တော်ပြောခဲ့တာ။ ကျွန်တော်တို့ လွတ်လပ်ရေးကို အတူတူရခဲ့တယ်၊ အားလုံးက ညီအစ်ကိုသားချင်းတန်းတူ စစ်မှန်တဲ့ ပြည်ထောင်စုကို မသွားနိုင်ဘူးလား။ အမျိုးသားပြန်လည်ညီညွှတ်ရေး အချုပ်အခြာအာဏာ ကိုယ်တို့ကိုယ်တိုင် အုပ်ချုပ်ချင်တယ်။ ကိုယ်တို့ကိုယ်တိုင် စီမံခန့်ခွဲချင်တယ်၊ တရားစီရင်ချင်တယ်ဆိုတဲ့ ရပိုင်ခွင့် ဘယ်လောက်အတိုင်းအတာထိ ပြည်ထောင်စုက ပေးဖို့လိုပြီ။ အဲဒါလေးကို သဘောပေါက်စေချင်လို့ပါ။ အဲဒါကို ယူချင်သလိုယူသွားတဲ့ သဘောဖြစ်တယ်။ ကျွန်တော့်မှာ အသံဖိုင်လည်းရှိတယ်၊ Video ဖိုင်လည်း ရှိပါတယ်။

Voice : အခု အမှုဖွင့်ခံရတာကို အကြောင်းကြားတာများ ရှိလားခင်ဗျာ။
Dr. AM : ကျွန်တော်တို့မှာ လွှတ်တော်အမတ် ပြည်သူ့ကိုယ်စားလှယ်ဆိုတဲ့ ဂုဏ်ပုဒ်ကလည်း ရှိတာကို လွှတ်တော်အခွင့်အရေးမှာ ဥပဒေ၊ နည်းဥပဒေတွေရှိတယ် နိုင်ငံတော်က ၂၀၀၈ ဥပဒေ ပုဒ်မ ၉၇ မှာ လွှတ်တော်ကျင်းပနေစဉ်မှာဆိုရင် ပြည်ထောင်စုလွှတ်တော်နာယကကြီးကိုပေါ့နော် ခိုင်လုံတဲ့ အထောက် အထားရှိမှ ဖမ်းဆီးခေါ်ဆောင်ခွင့်ပြုရမယ်၊ အဲဒီတော့ လွှတ်တော်ဥက္ကဋ္ဌတို့က ဘယ်လိုပုဒ်မတွေနဲ့ စွဲဆိုလဲ၊ အဲဒီပုဒ်မတွေသည် စွပ်စွဲချက်ပါအတိုင်း ခိုင်လုံမှုရှိရဲ့လား၊ ပြစ်မှုမြောက်မမြောက်ကို ပြန်လည်သုံး သပ်ပေး ရတဲ့ လွှတ်တော်တာဝန် လွှတ်တော်ဥက္ကဋ္ဌထံမှာ ရှိတယ်၊ အဲလိုပြီးမှ ဦးအေးမောင်ကို ဘယ်ပုဒ်မဖြင့် တရားစွဲဖို့ဆိုပြီးတော့ တောင်းဆိုတယ်လို့ အကြောင်းကြားရမယ်၊ အခုက အပြင်မှာကြားနေရတာပဲ ရှိတယ်။ ဘာမှအကြောင်းကြားတာ မရှိသေးဘူး၊ ကျွန်တော်ပဲ ထွက်ပြေးနေသလိုလို ပြောနေတာတွေလည်း ရှိတယ်။ အမှန်က ကျွန်တော် ဒီအိမ်မှာပဲ နေပါတယ်။ ကျွန်တော့်ကို တရားစွဲဖို့ဆိုရင် အစိုးရကနေ လွှတ်တော်ကို တင်တဲ့နေရာမှာ လွှတ်တော်ဘက်က သက်သေခိုင်လုံမှု ရှိမရှိကို သုံးသပ်ဖို့လိုတယ်။ ပြောတာဟော တာတစ်ခုလောက်နဲ့ ဒီလို နိုင်ငံတော်အကြည်ညိုပျက်တာတို့၊ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင်ပြောတာဆိုတာမျိုးမှာ အစိုးရဘက်ကလည်း စွဲသင့်မစွဲသင့် ပြန်သုံးသပ်ဖို့လိုတယ်။

Voice : ခုလို အမှုဖွင့်ထားတာ ဘာကြောင့်လို့ ထင်မြင်သလဲ။
Dr. AM : တမင်သက်သက် စွဲချက်တစ်ခုကို မဖြစ်ဖြစ်ဖြစ်အောင်လုပ်တယ်ဆိုတာ ကျွန်တော့်စိတ်ထဲမှာ အလိုလိုသိတယ်။ ကျွန်တော့်ကို ရခိုင်လူထုက ထောက်ခံတယ်၊ တောင်ပိုင်းမှာ ဘင်္ဂါလီ ၆ ရွာကို ထားဖို့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ သဘောတူထားတယ်၊ ဒီအပေါ်မှာ ပြည်နယ်အစိုးရက သံဃာထုနဲ့ လူမှုအဖွဲ့အစည်းတွေကို တိုင်ပင်ဆွေးနွေးတဲ့ကာလလည်း ဖြစ်နေတယ်။ အဲ့ဒါကို တောင်ပိုင်းမှာ ဘင်္ဂါလီ ၆ ရွာကို ထားနိုင်ရေး အကောင်အထည်ဖော်နိုင်ဖို့ လူထုကို အာရုံလွှဲတာဖြစ်တယ်။

Voice : မြောက်ဦးမြို့မှာ လူစုလူဝေးကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် လူတွေထိခိုက်သေ ဆုံးမှုအပေါ်မှာ ဘယ်လိုမှတ်ချက်ပေးချင်ပါတယ်။
Dr. AM : ချဉ်းကပ်ပုံ မမှန်လို့၊ ဖြေရှင်းပုံ မမှန်လို့ ထပ်ပြီး သွေးမြေကျအောင် လုပ်လိုက်ခြင်းဟာ ကျွန်တော်တို့အားလုံးသွားနေတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ထိခိုက်စေတယ်၊ ရခိုင်တွေရဲ့ အမှတ်တရနေ့မှာ သွေးထပ်စွန်းသွားမယ်ဆိုရင် အဟောင်းဟာ အသစ်ဖြစ်လာမယ်၊ အဟောင်းသင် ခန်းစာဟာ အခု အသစ်ဖြစ်လာတယ်ဆိုရင် ကျွန်တော်တို့သွားလိုတဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဘယ်လောက်ထိ အနှောင့်အယှက်ဖြစ်လဲ၊ ဒီဖြစ်စဉ်ကို မဖြေရှင်းခင်ကတည်းက ကြိုတင်သုံးသပ်ရမယ်။ ဖြေရှင်းညှိနှိုင်းလို့ မရတဲ့အမှားကို အုပ်ချုပ်သူတွေက လုပ်မှန်းမသိလုပ်လိုက်တော့ ကျွန်တော်တို့သွားနေ သည့် လမ်းကြောင်းသည် နောက်ပြန်ဆုတ်နေတယ်၊ ဒီမိုကရေစီခေတ်လား နောက်ပြန်လှည့်နေ တဲ့ခေတ်လား ကိုယ့်ဟာကို ပြန်သုံးသပ်ကြပါ။

Voice : မြောက်ဦးမြို့ နန်းရာကုန်းမှာ ရခိုင်နိုင်ငံတော်ကျဆုံးခြင်း အောက်မေ့ဖွယ်ရာ အခမ်းအနားကို ရှေး/သုက ခွင့်မပြုတာနဲ့ပတ်သက်ပြီး ဒေါက်တာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
Dr. AM : ပြီးခဲတဲ့ ဦးသိန်းစိန်လက်ထက်ကတည်းက ကျင်းပခွင့်ပေးခဲ့တယ်။ ပြောဟောခွင့်ပေးခဲ့တယ်၊ ပြီးခဲ့တဲ့နှစ်မှာ နန်းရာကုန်းမှာ ပေးခဲ့တယ်၊ ဒီနှစ်ကျမှ ဘာလို့မပေးခဲ့တာလဲ။ ဒီလို အခင်းအကျင်းဖြစ်အောင် စီမံခန့်ခွဲတဲ့သူတွေက ဘယ်လိုညံ့ဖျင်းစွာ စီမံခန့်ခွဲတာလဲ။ အဓိကရုဏ်းကို နှိမ်နင်းတဲ့အခါမှာ ဘယ်လိုနှိမ်နင်း မလဲ သူ့ပရိုစီဂျာရှိတယ်။ တစ်ဆင့်ချင်း တစ်ဆင့်ချင်းမဖြစ်ရအောင် နောက်ဆုံးရော်ဘာကျည်တွေနဲ့သုံးမယ် နောက်ဆုံး ကျည်ဆန်အစစ်နဲ့ သုံးတယ်၊ လူတွေ သေဆုံးတာ၊ ဒဏ်ရာများစွာရတဲ့အခါမှာ သွေးဟာ ဒီမြေကြီးမှာ ပြန်ကျတယ်။ ၁၉၆၂ ဖြစ်ခဲ့တယ်၊ ၁၉၈၈ မှာ ဖြစ်ခဲ့တယ်။ ရခိုင်မှာ လေးကြိမ် ဖြစ်ခဲ့တယ်။

ခိုင်မင်းညို
The Voice

0 comments:

Post a Comment